ရီးရဲလ်အသင်းရဲ့ နည်းပြ ဇီဒန်းကတော့ အီဘာအသင်းနဲ့ ကစားမယ့် လာလီဂါ ပွဲစဉ် မတိုင်ခင် ကြွေးကြော်မှု တစ်ခုကို ပြုလုပ်သွားခဲ့ပြီး လက်ရှိရာသီ လာလီဂါ ဆုဖလားကို ရရှိနိုင်ဖို့အတွက် လက်ကျန် ပွဲစဉ် (၁၁) ပွဲကို ဗိုလ်လုပွဲစဉ်လို သဘောထားပြီး ကစားသွားမယ်လို့ ပြောခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ လက်ရှိရာသီ လာလီဂါ ပြိုင်ပွဲမှာ ပွဲစဉ် (၂၇) ပွဲ ကစားပြီးနောက် (၅၆) မှတ် ရရှိခဲ့တာကြောင့်မို့ အဆင့် (၁) နေရာက နည်းပြ ဆက်တီယန်ရဲ့ ဘာစီလိုနာအသင်းနဲ့ ရမှတ် (၂) မှတ် ကွာဟနေပြီး ယခုအပတ် တနင်္ဂနွေနေ့ညမှာ အီဘာအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။

Photo Credit: EPSN

နည်းပြ ဇီဒန်းရဲ့ ရီးရဲလ်အသင်းဟာ ဒဏ်ရာရ ကစားသမားတွေ ပြန်လည် သက်သာလာကြပြီ ဖြစ်တာကြောင့် အမှတ်ပေး ဖလားကို စိန်ခေါ်နိုင်ဖို့ အခြေအနေ ပို ကောင်းသွားခဲ့ပြီ ဖြစ်ပြီး တိုက်စစ်မှူး ဟာဇက်ကလည်း ဒဏ်ရာကနေ ပြန်သက်သာလာပြီး ကြံခိုင်မှု ပြည့်ဝနေပြီ ဖြစ်နေပါတယ်။ ရီးရဲလ်အသင်းဟာ အီဘာအသင်းနဲ့ ကစားသွားမယ့် အိမ်ကွင်း ပွဲစဉ်ကို ဘာနေဗျူးကွင်းမှာ ကစားသွားမှာ မဟုတ်ဘဲ ပွဲကြည့် ပရိသတ် (၆) သောင်းဆံ့တဲ့ ဒီစတီဖာနိုကွင်းမှာ ဧည့်ခံကစားသွားမှာ ဖြစ်ပြီး နည်းပြ ဇီဒန်းကတော့ လက်ကျန် ပွဲစဉ်တွေကို ဗိုလ်လုပွဲစဉ်လို ကစားမယ်လို့ ပြောခဲ့ပါတယ်။

Photo Credit: EPSN

နည်းပြ ဇီဒန်းက “ကျွန်တော် နှိုင်းယှဉ် ပြောရတာကို ကြိုက်တယ်။ ဗိုလ်လုပွဲစဉ်မှာ ကစားရတာ နဲ့ ပြိုင်ပွဲရဲ့ နောက်ဆုံးအဆင့်မှာ ကစားရတာကို ကျွန်တော့်ရဲ့ ကစားသမားတွေ သိကြပါတယ်။ အရေးကြီးတာက ပြင်ဆင်မှုပါပဲ။ ကျွန်တော်တို့ ကောင်းစွာ ပြင်ဆင်ထားပါတယ်။ ကျွန်တော်တို့ လက်ရှိ လုပ်နေတဲ့ အရာအပေါ်မှာ ကျွန်တော်တို့ ယုံကြည်တယ်။ အခု ကျွန်တော်တို့ ဒါတွေကို ကွင်းထဲမှာ ပြရတော့မယ်။ လက်ကျန်ပွဲစဉ်က များလည်း မများသလို နည်းလည်း မနည်းပါဘူး။ ဒါက အခြေအနေ တစ်ခုပါ။ ကျွန်တော်တို့မှာ ဗိုလ်လုပွဲစဉ် (၁၁) ပွဲ ရှိပြီး ဒီရာသီ လိဂ်ဖလားကို ရရှိဖို့ အရာအားလုံး ပေးဆပ်သွားကြပါမယ်”လို့ အခိုင်အမာ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။