ယနေ့မနက်မှာ ကစားခဲ့တဲ့ ဝုဗ်အသင်းနဲ့ မန်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာတော့ မန်စီးတီး အသင်းဟာ အဝေးကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ် ဘောလုံးရာသီကို အနိုင်နဲ့ စတင် ဖွင့်လှစ် နိုင်ခဲ့ပါတယ်။ ဝုဗ်အသင်းရဲ့ အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ ပွဲစဉ် ဖြစ်ပေမယ့် မန်စီးတီး အသင်းဟာ ဝုဗ်အသင်း ဘက်ကို သိသိသာသာ အသာစီး ရယူ သွားနိုင်ခဲ့ပြီး အသင်းရဲ့ အဓိက ကွင်းလယ်လူ နှစ်ဦး လို့ ဆိုရမယ့် ဒီဘရိုင်းနဲ့ ဖိုဒန်တို့ရဲ့ ခြေစွမ်းပြမှုတွေနဲ့ အတူ အနိုင်ရရှိခဲ့တာပါ။ ဝုဗ်အသင်း ကတော့ အဆိုပါ ပွဲစဉ်မှာ မန်စီးတီး အသင်းကို တန်ပြန်တိုက်စစ်နဲ့ ဒုက္ခပေးဖို့ ကြိုးစားခဲ့ပေမယ့် စီစဉ်ထားသလို ဖြစ်မလာခဲ့ပါဘူး။

Photo Credit: Mirror

မန်စီးတီး အသင်းအတွက် သွင်းဂိုးတွေ ကိုတော့ ပွဲကစားချိန် ၂၀ မိနစ်မှာ ပင်နယ်တီကနေ တဆင့် ဒီဘရိုင်း ၊ ပွဲချိန် ၃၂ မိနစ်မှာ ဖိုဒန်နဲ့ ပွဲချိန် ၉၅ မိနစ်မှာ ဂါဘရီရယ် ဂျီးဆပ်တို့က အသီးသီး သွင်းယူ ပေးခဲ့ကြပြီး ဝုဗ်အသင်း အတွက် တစ်လုံးတည်းသော ချေပဂိုးကို ပွဲချိန် ၇၈ မိနစ် မှာ တိုက်စစ်မှူး ဂျီမီနက်စ်က သွင်းယူ ပေးခဲ့တာပါ။ အဆိုပါ ပွဲစဉ် ပြီးဆုံးသွားတဲ့ အချိန်မှာတော့ မန်စီးတီး အသင်းရဲ့ အဓိက ကွင်းလယ်လူ ဖြစ်တဲ့ ဒီဘရိုင်းက ဝုဗ်အသင်းနဲ့ ပွဲစဉ်ဟာ ခက်ခဲ ခဲ့ပေမယ့် သူတို့အသင်း အနေနဲ့ အကောင်းဆုံး စွမ်းဆောင် နိုင်ခဲ့ကြောင်းနဲ့ လီဗာပူးအသင်း ဆီက ချန်ပီယံဘွဲ့ကို ပြန်လည် ရယူဖို့ အတွက် ကြိုးစားရမယ့် အချိန်ကို ရောက်ရှိနေပြီ လို့ ကြုံးဝါး ပြောဆို သွားခဲ့ပါတယ်။
Photo Credit: Mirror
ပရီးမီးယားလိဂ် ချန်ပီယံဆုကို ပြန်လည် ရယူဖို့ ကြိုးစား သွားမယ့် အကြောင်းကို ဒီဘရိုင်းက ” ဒီပွဲဟာ အတော်ကို ခက်ခဲ ခဲ့ပါတယ်။ ပြောရရင် ဒီရာသီက နည်းနည်းတော့ ထူးဆန်းတဲ့ ရာသီ တစ်ခုပါ။ ဒါပေမယ့် ကျွန်တော်တို့တွေ အဖွင့် ရလဒ် ကောင်းဖို့ လိုအပ်တာကို ကျွန်တော်တို့ သိပါတယ်။ သူတို့က ပြီးခဲ့တဲ့ ဘောလုံးရာသီ တချို့မှာ ကျွန်တော်တို့ အတွက် ခက်ခဲတဲ့ ပြိုင်ဘက်တွေ ဖြစ်ခဲ့ကြပါတယ်။ ဒါ့ကြောင့် ကျွန်တော်တို့ က ဒီနေ့မှာ ကောင်းမွန်တဲ့ စွမ်းဆောင်ရည်တွေ ရရှိဖို့ ကြိုးစား ခဲ့ကြတာပါ။ အသင်းရဲ့ ကစားပုံက အတော်လေး ကောင်းခဲ့တယ် လို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့ လုပ်နိုင်တဲ့ တစ်ခုထဲသော အရာကတော့ တစ်ပွဲပြီး တစ်ပွဲ ကစားတာပါပဲ။ ကြာသပတေးနေ့မှာ ပွဲတစ်ပွဲ ရှိတာကို ကျွန်တော်တို့ သိထားပြီး အဲ့ဒီပွဲမှာ ရလဒ်ကောင်း ရယူနိုင်ဖို့ အစွမ်းကုန် ကြိုးစား သွားဦးမှာပါ။ ပြီးခဲ့တဲ့ သုံးနှစ်ကလိုပဲ အရှိန်အဟုန်နဲ့ ခရီးဆက် သွားမှာပါ။ ဒါက ခက်ခဲတဲ့ အလုပ်တစ်ခု ဖြစ်မှာ သေချာပါတယ်။ ကျွန်တော်တို့က လီဗာပူးနဲ့ ယှဉ်ပြိုင် သွားမှာပါ။ ပြီးတော့ ကျွန်တော်တို့က သူတို့အသင်း ကို တိုက်ခိုက် သွားဖို့ လိုအပ် ပါတယ်။ ကျွန်တော့် အမြင်မှာတော့ ကျွန်တော်တို့ဟာ တစ်သင်းနဲ့ တစ်သင်း ပိုပြီး ကောင်းမွန် လာအောင် လုပ်ဆောင် နေတယ် လို့ ထင်ပါတယ်။ ဒါကလည်း ကျွန်တော် လက်ခံထားတဲ့ အားကစား ပါပဲ ” လို့ ပြောကြားသွားတာပါ။
https://youtu.be/qrHFqTYh8dg