ပရီးမီးယားလိဂ် အမှတ်ပေးချန်ပီယံဆုအတွက် ဒီရာသီရဲ့ လက်ကျန်ပွဲစဉ်တွေမှာ အမှတ် လုံးဝဆုံးရှုံးလို့ မဖြစ်တော့ပဲ သရေကျလို့တောင် မရနိုင်ဘူးလို့ မန်ချက်စတာ စီးတီးအသင်းနည်းပြ ပက်ပ် ဂွာဒီယိုလာက ဝန်ခံ ပြောကြားသွားခဲ့ပါတယ်။

မနေ့ညက မန်စီးတီးဟာ စီးတီးဂရောင်းကွင်းမှာ တန်းဆင်းဇုန်နား ကပ်နေတဲ့ အိမ်ရှင် နော်တင်ဟမ် ဖောရက်စ်အသင်းကို ခက်ခက်ခဲခဲ ကစားလိုက်ရပြီး ဖောရက်စ် တိုက်စစ်ရဲ့ အခွင့်အရေးတွေ အသုံးမချနိုင်မှုကြောင့် သက်သာရာရခဲ့သလို ဂါဗာဒီယိုနဲ့ ဟာလန်းတို့ကလည်း အသင်းအတွက် ဂိုးတွေ သွင်းယူပေးနိုင်ခဲ့ရင်း title race အတွက် ဆက်လက် ဆင်နွဲခွင့်ရခဲ့ပါတယ်။

Photo Credit : Super Sport

မန်စီးတီးရဲ့ အနီးဆုံးပြိုင်ဘက်ဖြစ်တဲ့ အာဆင်နယ်ကလည်း မနေ့က မြောက်လန်ဒန်ဒါဘီပွဲမှာ စပါးအသင်းကို အနိုင်ယူရင်း မန်စီးတီးထက် တစ်ပွဲပိုကစားပြီး အမှတ်ပေးဇယားထိပ်မှာ ဆက်လက် ရပ်တည်ထားနိုင်ခဲ့ပါတယ်။ အာဆင်နယ်က ဗီလာကို အိမ်ကွင်းမှာ ဂိုးပြတ်ရှုံးနိမ့်ခဲ့ပေမယ့်လည်း အဲ့ဒီနောက်ပိုင်း ဝုလ် ချယ်လ်ဆီး စပါးတို့ကို ဆက်တိုက် အနိုင်ယူခဲ့ရင်း title race အတွက် အခြေအနေကောင်းနေခဲ့ပါသေးတယ်။

လက်ရှိမှာတော့ အာဆင်နယ်က ဘုန်းမောက် မန်ယူနိုက်တက် အဲဗာတန်တို့နဲ့ ကစားဖို့သာ ကျန်ရှိနေတော့ပြီး မန်စီးတီးကတော့ ဝုလ်ဗ် ဖူလ်ဟမ် စပါးနဲ့ ဝက်စ်ဟမ်းတို့နဲ့ ဆက်လက် ယှဉ်ပြိုင်သွားရတော့မှာ ဖြစ်ပါတယ်။ မန်စီးတီးက လက်ရှိ အနေအထားအရ အာဆင်နယ်ထက် (၁)ပွဲပို ကစားရဖို့ ရှိနေသေးတာမို့ အခြေအနေက ပိုကောင်းနေရပါတယ်။

Photo Credit : Eurosport

ဒါပေမယ့် စီးတီးနည်းပြ ဂွာဒီယိုလာက “သူတို့(အာဆင်နယ်)က လက်ကျန်ပွဲစဉ် (၃)ပွဲလုံးမှာ အမှတ်ဆုံးရှုံးခံမှာ မဟုတ်ဘူးလို့ ကျွန်တော် ထင်ပါတယ်။ ကျွန်တော်တို့လည်း ကျွန်တော်တို့တွေ ဘာလုပ်ဆောင်ရမလဲဆိုတာလည်း သိထားပါတယ်။ ကျွန်တော်တို့က သူတို့ကို အမှတ်ဆုံးရှုံးစေချင်ပေမယ့် ဒါက ကျွန်တော်တို့ လုပ်ဆောင်နိုင်တဲ့အရာ မဟုတ်ပါဘူး။ အခု စပါးနဲ့ပွဲမှာလည်း သူတို့က ရလဒ်ကောင်းအောင် လုပ်ဆောင်နိုင်ခဲ့သေးတယ်။”

“ဘာမဆိုတော့ ဖြစ်နိုင်သေးတယ်။ လီဗာပူးလ်အသင်း အမှတ်လျော့သလိုမျိုး ကျွန်တော်တို့ရော အာဆင်နယ်ပါ အမှတ်လျော့တာမျိုးက ဖြစ်နိုင်တယ်။ လက်ကျန်ပွဲတွေက အားလုံးအတွက် ခက်ခဲနေပါလိမ့်မယ်။ ဖူလ်ဟမ်နဲ့အဝေး စပါးနဲ့အဝေးပွဲတွေက ကျွန်တော်တို့အတွက် ခက်ခဲပါလိမ့်မယ်။ ကျွန်တော်တို့ သရေတစ်ပွဲလောက် ကျလိုက်တာနဲ့ ပရီးမီးယားလိဂ် ချန်ပီယံဆုနဲ့ လွဲချော်သွားပါမယ်။” လို့ ပြောဆိုသွားခဲ့ပါတယ်။