စပိန်လာလီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် ဖြစ်သူ ဘက်စ်ကွက် ကတော့ ယမန်နေ့ညမှာ ကစားခဲ့တဲ့ အယ်ကလပ်စီကိုဒါဘီမှာ သူတို့အသင်းဟာ ရီးရဲလ် မက်ဒရစ်အသင်းကို ရှုံးနိမ့်ခဲ့တာ မထိုက်တန်ဘူးလို့ ယူဆမိကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

ဘာစီလိုနာအသင်းရဲ့ အိမ်ကွင်း နူးကမ့်မှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ အယ်ကလပ်စီကိုဒါဘီမှာ နှစ်သင်းစလုံးရဲ့ ခြေစွမ်းပိုင်းဟာ များစွာ ကွာခြားလှခြင်း မရှိခဲ့ပေမယ့် ဘာစီလိုနာအသင်းဟာ တိုက်စစ်ပိုင်းမှာ အားနည်းမှုတွေ ရှိခဲ့တာကြောင့် ရရှိလာတဲ့ အခွင့်အရေးတွေကို ဂိုးအဖြစ် ပြောင်းလဲနိုင်ခဲ့ခြင်း မရှိပဲ ရီးရဲလ်မက်ဒရစ်အသင်း ကတော့ အခွင့်အရေးတွေကို အသုံးချနိုင်ခဲ့တာကြောင့် အဖိုးတန် နိုင်ပွဲတပွဲကို ရယူနိုင်ခဲ့တာပါ။

Photo Credit: Sports Max

အဆိုပါပွဲစဉ်မှာ ရီးရဲလ်မက်ဒရစ်အသင်း အတွက် သွင်းဂိုးတွေကို ပွဲကစားချိန် ၃၂မိနစ်မှာ အလာဘာ ၊ ပွဲကစားချိန် ၉၀+၄မိနစ်မှာ ဗက်စ်ကွက်တို့က သွင်းယူပေးခဲ့တာ ဖြစ်ပြီး ဘာစီလိုနာအသင်း အတွက် သိက္ခာဆည် ချေပဂိုးကိုတော့ ပွဲကစားချိန် ၉၀+၇မိနစ်မှာ တိုက်စစ်မှူးသစ် အဂူရိုက သွင်းယူပေးခဲ့တာပါ။

ဘာစီလိုနာအသင်းရဲ့ အသင်းခေါင်းဆောင် တာဝန်ယူထားပြီး ပွဲစပွဲဆုံး ပါဝင် ကစားပေးနိုင်ခဲ့ကာ ခြေစွမ်းကောင်းတွေလည်း ထုတ်ပြနိုင်ခဲ့တဲ့ ဝါရင့် ကွင်းလယ်လူ ဘက်စ်ကွက် ကတော့ သူတို့အသင်းရဲ့ ခြေစွမ်းပိုင်းဟာ အကောင်းဆုံး အနေအထား တရပ်မှာ မရှိခဲ့ပေမယ့် ရှုံးပွဲတပွဲ တွေ့ရလောက်တဲ့ အထိ မဆိုးရွားခဲ့ကြောင်း ပွဲအပြီးမှာ ထုတ်ဖော် ပြောကြားသွားပါတယ်။

Photo Credit: Sports Max

ဘက်စ်ကွက်က – “ ဒီပွဲရဲ့ ပထမပိုင်းမှာ သူတို့အသင်းရဲ့ ကစားပုံက ကောင်းခဲ့ပြီး ကျွန်တော်တို့ကတော့ ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်ခဲ့ရပါတယ်။ သူတို့က ကျွန်တော်တို့ကို ဘောလုံးကိုင် ကစားခွင့် ပေးပြီး မြန်နှုန်းမြင့် ကစားသမားတွေ ဖြစ်တဲ့ ရိုဒရီဂို ၊ ဗီနီးစီးယပ်စ်တို့နဲ့ တိုက်စစ်ဆင်ဖို့ ကြိုးစားမယ် ဆိုတာကို ကျွန်တော်တို့ သိကြပါတယ်။ ထိပ်တန်း ကစားသမားတွေ ရှိတဲ့ အသင်းတသင်းနဲ့ ရင်ဆိုင်ရတဲ့ အခါ ဘောလုံးကို ဆုံးရှုံးပြီးရင် ပြန်ရဖို့ ကြိုးစားရတာ အတော်လေး ခက်ခဲပါတယ်။ ပြီးတော့ သူတို့က ကန်ချက် တချက် ကနေ အဖွင့်ဂိုး ရသွားတယ်။ အဖွင့်ဂိုး ရပြီးနောက်မှာတော့ ပွဲရဲ့ အခြေအနေက အတော်လေး ပြောင်းလဲသွားပါတယ်။ ကျွန်တော် ကတော့ ကျွန်တော်တို့အသင်းဟာ ဒီပွဲကို ရှုံးနိမ့်ဖို့ မထိုက်တန်ဘူးလို့ ထင်ပါတယ်။ ဒါပေမယ့် ဒါက ဘောလုံးပါ” လို့ ငြီးတွားသွားခဲ့တာပဲ ဖြစ်ပါတယ်။