ရီးရဲလ်မက်ဒရစ်အသင်းဟာ မနေ့ညက ကစားသွားခဲ့တဲ့ အလာဗက်စ်အသင်းနဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ VAR ဆုံးဖြတ်ချက်ကနေတစ်ဆင့် ရရှိခဲ့တဲ့ ပင်နယ်တီကနေ သွင်းဂိုးတစ်ဂိုးနဲ့ လူကျွံဘောကနေ လွတ်မြောက်ခဲ့တဲ့ သွင်းဂိုးတို့ကြောင့် (၂)ဂိုးပြတ်နဲ့ နိုင်ပွဲဆက်ခဲ့ရတာကြောင့် အနီးဆုံးပြိုင်ဘက် ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူဘာတိုမြူက VAR က ရီးရဲလ်အသင်းဘက်ကိုသာ မျက်နှာသာအရမ်းပေးလွန်းတယ်လို့ ဝေဖန်လာခဲ့ရာ ရီးရဲလ်နောက်ခံလူ ရာဖေးဗာရန်းက ပြန်လည်တုန့်ပြန်လာခဲ့ပါတယ်။

Photo Credit : Daily Mail

ဘာစီလိုနာအသင်းရဲ့ ဥက္ကဌဖြစ်သူ ဘာတိုမြူက “ကျွန်တော် ရီးရဲလ်နဲ့အလာဗက်စ်တို့ပွဲကို ဒုတိယပိုင်း ပြီးခါနီးလောက်အထိ စောင့်ကြည့်ဖြစ်ခဲ့ပါသေးတယ်။ စိတ်ခံစားချက်တော့ သိပ်မကောင်းပါဘူး။ ဘာကြောင့်လို့လဲဆိုတော့ ကျွန်တော်တို့ ကစားနေတာက ကမ္ဘာပေါ်မှာ အကောင်းဆုံးအမှတ်လေးလိဂ်တစ်ခုမှာပါ။ ဒါပေမယ့် ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပြီးနောက် ဘောလုုံးပွဲတွေ ပြန်လည်စတင်ချိန်မှာတော့ VAR ရဲ့ ဆုံးဖြတ်ချက်တွေက မမျှတတော့ပါဘူး။ သူကြောင့် တချို့ရလဒ်တွေ ပြောင်းလဲကုန်ပြီးတော့ အမြဲတမ်း အသင်းတစ်သင်းကိုပဲ မျက်နှာသာပေးလာခဲ့ပါတယ်” လို့ ဝေဖန်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

ဒီစကားနဲ့ပတ်သက်ပြီး ရီးရဲလ်အသင်းရဲ့ ပြင်သစ်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ဗာရန်းက လက်မခံနိုင်ပဲ “အပြင်မှာ ပြောနေကြတဲ့ ဆူဆူညံညံ စကားလုံးတွေကို ကျွန်တော်တို့ စိတ်မဝင်စားပါဘူး။ ကျွန်တော်တို့ အသင်းနိုင်ပွဲရအောင်ပဲ အာရုံစိုက်ထားတာပါ။ နိုင်ပွဲရအောင်လည်း ကွင်းအတွင်းမှာ အကုန်ပေးဆပ်ပြီး ကစားနေကြတာပါ။ ကျွန်တော်တို့က VAR ကို ထိန်းချုပ်ထားတာမှ မဟုတ်တာ။ ကျွန်တော်တို့က ကွင်းအတွင်းမှာ ကျွန်တော်တို့ရဲ့ စွမ်းဆောင်ချက်တွေ စိတ်နေစိတ်ထားတွေကိုပဲ ထိန်းချုပ်နိုင်တာလေ” လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ရီးရဲလ်အသင်းဟာ ဂီတာဖေး ဘီလ်ဘာအိုနဲ့ အလာဗက်စ်အသင်းတွေ အနိုင်ရခဲ့တဲ့ လာလီဂါပွဲစဉ်(၃)ပွဲဆက်တိုက်မှာ ပင်နယ်တီကန်သွင်းခွင့်တွေကို ရရှိခဲ့ပြီး အဲ့ဒီပင်နယ်တီဂိုးတွေကြောင့်ပဲ ရီးရဲလ်တို့ နိုင်ပွဲဆက်နေခဲ့တာဖြစ်ပါတယ်။ လက်ရှိအချိန်မှာ ရီးရဲလ်မက်ဒရစ်နဲ့ ဘာစီလိုနာအသင်းတို့ရဲ့ကြားမှာ ရမှတ်ကွာဟချက်က (၄)မှတ်အထိ ရှိလို့နေပြီး ဘာစီလိုနာအနေနဲ့ ချန်ပီယံဆုကို ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် လက်ကျန်လိဂ်ပွဲ(၃)ပွဲလုံး အနိုင်ရဖို့ လိုအပ်သလို ရီးရဲလ်ရဲ့ခြေချော်မှုလည်း ရှိလာမှသာ အမှတ်ကွာဟမှုကို လျော့ချနိုင်မှာဖြစ်ပါတယ်။