လက်ရှိ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်တဲ့ အာဆင်နယ်ရဲ့ နည်းပြချုပ် အာတီတာက ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ EFLဖလား တတိယအဆင့် ပွဲစဉ်မှာ ဘရိုက်တန်ကို အိမ်ကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်ရှုံးနိမ့်ကာ ပြိုင်ပွဲကနေ ထွက်ခဲ့ရပြီးနောက် ခြေစွမ်းကောင်းရဲ့သားနဲ့ ရှုံးနိမ့်ခဲ့ရလို့ စိတ်ပျက်မိကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ တောက်လျှောက် ဆိုသလို နိုင်ပွဲတွေ ရယူထားနိုင်တဲ့ အာဆင်နယ်က EFLဖလား တတိယအဆင့် အဖြစ် ဘရိုက်တန်ကို အိမ်ကွင်း အမ်းမရိတ်မှာ ဧည့်ခံ ကစားခဲ့ရာ တိုက်စစ်မှူး အန်ခီးတီးယားရဲ့ သွင်းဂိုးနဲ့ ပွဲကို ဦးဆောင် ကစားနိုင်ခဲ့ပေမယ့် အနိုင်ဂိုးကို မထိန်းသိမ်းနိုင်ခဲ့သလို ပေးဂိုးတွေ အလွယ်တကူ ခွင့်ပြုပေးခဲ့ရတာကြောင့် အိမ်ကွင်းမှာ ၁-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ရပါတယ်။

Photo Credit: Sports Max

အာဆင်နယ် ၁-၃ ဘရိုက်တန် ပွဲစဉ်မှာ နှစ်သင်းစလုံးက အရန် ကစားသမားတွေနဲ့ ပွဲထွက် ကစားသမားတွေကို အချိုးကျ ပေါင်းစပ်ကာ ပွဲထုတ်လာခဲ့ကြပြီး အာဆင်နယ်က အိမ်ရှင်ပီပီ ပွဲစတင်ကတည်းက ဘရိုက်တန်ဘက်ကို တရစပ် တိုက်စစ်ဆင် ကစားခဲ့ကာ ပွဲချိန် ၂၀မိနစ်မှာတင် အန်ခီးတီးယားက အာဆင်နယ် အတွက် ဦးဆောင်ဂိုးကို စတင် သွင်းယူပေးခဲ့ပါတယ်။

အာဆင်နယ်က ဦးဆောင်ဂိုး ရရှိခဲ့ပြီးနောက် ပွဲကို ထိန်းချုပ် ကစားဖို့ ကြိုးစားခဲ့ပေမယ့် ပွဲချိန် ၂၆မိနစ်မှာတော့ လူငယ် ဂိုးသမားလေး ကာလ်ဟိမ်းရဲ့ မသေသပ်တဲ့ ဖျက်ထုတ်မှုကြောင့် ဘရိုက်တန်ကို ပင်နယ်တီ ပေးခဲ့ရပြီး အဆိုပါ ပင်နယ်တီကို အာဆင်နယ် တိုက်စစ်မှူးဟောင်း ဝဲလ်ဘက်က အမှားအယွင်း မရှိ ကန်သွင်းကာ ဘရိုက်တန် အတွက် ချေပဂိုးကို ပြန်လည် သွင်းယူပေးနိုင်ခဲ့ပါတယ်။

Photo Credit: Sports Max

တဖက် တဂိုးစီ သရေကျနေတဲ့နောက် နှစ်သင်းစလုံးက အနိုင်ဂိုးတွေ ရရှိဖို့ အပြိုင် ကြိုးပမ်းခဲ့ကြရာ ပွဲချိန် ၅၈မိနစ်မှာတော့ ဂျပန်သားလေး မီတိုမာက ဘရိုက်တန် အတွက် ဦးဆောင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဦးဆောင်ဂိုး ခွင့်ပြုပေးခဲ့ရပြီးနောက် အာဆင်နယ်က ချေပဂိုး ပြန်လည် ရရှိဖို့ ကြိုးပမ်းခဲ့ပေမယ့် ပွဲချိန် ၇၁မိနစ်မှာ ဘရိုက်တန် ညာနောက်ခံလူ လန့်တေးရဲ့ နောက်ထပ် သွင်းဂိုးကို ထပ်မံ ခွင့်ပြုပေးခဲ့ရတာကြောင့် ၁-၃ ဆိုတဲ့ ရလဒ်နဲ့ ရှုံးနိမ့်ကာ ပြိုင်ပွဲကို လက်ပြ နှုတ်ဆက်ခဲ့ရပါတယ်။

အာဆင်နယ်နည်းပြ အာတီတာက ဘရိုက်တန်ကို ရှုံးနိမ့်ကာ နိုင်ပွဲဆက်မှု ရပ်တန့်သွားသလို ဖလားပြိုင်ပွဲ တခုကနေ ထွက်ခွာခဲ့ရမှု အပေါ် မပျော်မရွှင် ဖြစ်နေပြီး သူတို့အသင်းဟာ ခြေစွမ်းကောင်းရဲ့သားနဲ့ ဘရိုက်တန်ကို ရှုံးနိမ့်ခဲ့ရတာလို့လည်း ပွဲပြီး အင်တာဗျူးမှာ ပြောကြားသွားပါတယ်။ အာတီတာက – “ကျွန်တော့်ရဲ့ အမြင်မှာတော့ ကျွန်တော်တို့ရဲ့ ခြေစွမ်းပိုင်းနဲ့ ရလဒ်က ဘယ်လိုမှ မကိုက်ညီခဲ့ဘူးလို့ပဲ မြင်ပါတယ်။ ကျွန်တော်တို့က ခြေစွမ်းကောင်းခဲ့ပါတယ်။ ဒါကိုလည်း အားလုံးက သိကြပါလိမ့်မယ်။ ကျွန်တော်တို့က အသာစီး ရနေတဲ့ အချိန်မှာ အခွင့်အရေးတွေကို အသုံးမချနိုင်ခဲ့တာကြောင့် အခုလို ရှုံးနိမ့်ခဲ့ရတာပါ” လို့ ပြောကြားသွားခဲ့တာပါ။