မနေ့ညက ကျင်းပသွားခဲ့တဲ့ အသက်လက်တီကိုမက်ဒရစ်အသင်းနဲ့ ချယ်လ်ဆီးအသင်းတို့ရဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက်ပထမအကျော့ပွဲစဉ်မှာ ဧည့်သည်ချယ်လ်ဆီးအသင်းက ဝါရင့်တိုက်စစ်မှူးကြီး အိုလီဗာဂျရူးရဲ့ တစ်လုံးတည်းသောသွင်းဂိုးနဲ့ အနိုင်ရခဲ့ပြီး အဝေးကွင်းနိုင်ပွဲတစ်ပွဲကို ရယူနိုင်ခဲ့တာကြောင့် နောက်တစ်ဆင့်(ကွာတားဖိုင်နယ်)ကို တတ်လှမ်းနိုင်ဖို့ အခြေအနေကောင်းမွန်လျက် ရှိနေပါတယ်။ ဒါပေမယ့် ဒီအခြေအနေကို သာယာနေလို့ မဖြစ်သေးဘူးလို့ အသင်းသားတွေကို ချယ်လ်ဆီးနည်းပြ သောမတ်စ်တူဟယ်လ်က သတိပေးပြောဆိုလိုက်ပါတယ်။

Photo Credit : Twitter

ဒီပွဲစဉ်ဟာ ဂျာမန်လူမျိုးနည်းပြ သောမတ်စ်တူဟယ်လ်ရဲ့ ချယ်လ်ဆီးနည်းပြဘဝ ပထမဦးဆုံးသော ချန်ပီယံလိဂ်ပွဲစဉ်တစ်ပွဲ ဖြစ်ခဲ့ရပြီး အရေးပါတဲ့ အဝေးကွင်းနိုင်ပွဲကို ဖော်ဆောင်နိုင်ခဲ့တဲ့အတွက် အတော်လေးကို အားရစရာ ဖြစ်ခဲ့ရပါတယ်။ ဒါပေမယ့် ဒီနိုင်ပွဲကြောင့် ချယ်လ်ဆီးတို့ နောက်တစ်ဆင့်ကို တတ်လှမ်းဖို့ ရာနှုန်းပြည့် သေချာသွားပြီလို့ သတ်မှတ်လို့ မရနိုင်သေးတဲ့အပြင် အသက်လက်တီကိုနဲ့ ဒုတိယအကျော့ မဆင်နွဲခင်မှာ မန်ချက်စတာယူနိုက်တက် လီဗာပူးလ် အဲဗာတန် လိဒ်စ်ယူနိုက်တက်အသင်းတွေနဲ့ပါ ဆက်တိုက်ကစားရဦးမှာဖြစ်တဲ့အတွက် သက်တောင့်သက်သာ ဖြစ်နေတယ်လို့ မခံယူထားဖို့ အသင်းသားတွေကို တူဟယ်လ်က သတိပေးလိုက်ပါတယ်။

Photo Credit : Goal

တူဟယ်လ်က “ဂျော်ဂျင်ဟိုအကြောင်းကို မေ့ထားလို့ မရပါဘူး။ ဒုတိယအကျော့မှာ ကျွန်တော်တို့ဘက်က အဓိက ကစားသမား(၂)ယောက် လွဲချော်ရပါလိမ့်မယ်။ ဒါက ကျွန်တော်တို့အတွက် ခက်ခဲကောင်း ခက်ခဲသွားစေနိုင်တယ်။ ဒါပေမယ့် ဒီနေ့ အသင်းသားတွေအားလုံးရဲ့ ခြေစွမ်းပိုင်းအပေါ်မှာတော့ အရမ်းအားရကျေနပ်ပါတယ်။ မေဆန်မောင့်လည်း အပါအဝင်ပါပဲ။ သူရဲ့လုပ်အားနှုန်းတွေအားလုံးက အသင်းအတွက် အတော်လေးကို အကျိုးသက်ရောက်စေခဲ့ပါတယ်။ ဒါပေမယ့်လည်း ကျွန်တော်တို့အသင်းက ယူနိုက်တက် လီဗာပူးလ် အဲဗာတန် လိဒ်စ်အသင်းတွေနဲ့လည်း ဆက်တိုက်ကစားရပါဦးမယ်။ ဒါကြောင့် အသင်းအနေနဲ့ သက်တောင့်သက်သာ ဖြစ်နေလို့မရသလို ပျင်းရိနေလို့ မရပါဘူး။ ဒီပွဲတွေကလည်း ကျွန်တော်တို့အသင်းအတွက် ခက်ခဲနေဦးမှာပါ။ ပြီးရင်တော့ ဒုတိယအကျော့ပွဲအတွက် ဆက်လက်ယှဉ်ပြိုင်ရမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ချယ်လ်ဆီးအသင်းဟာ တူဟယ်လ်လက်အောက်မှာ ရလဒ်တွေ ပြန်လည်ကောင်းမွန်လာခဲ့ရတာကြောင့် လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားအတွင်း အဆင့်(၅)နေရာအထိကို ပြန်လည်တတ်လှမ်းလာနိုင်ခဲ့သလို ချန်ပီယံလိဂ်မှာလည်း အဝေးကွင်းနိုင်ပွဲ ရယူထားကာ အခြေအနေကောင်းမွန်လို့နေပါတယ်။