MySport Myanmar

သူတို့က ပရီးမီးယားလိဂ် ချန်ပီယံဆုကို စိန်ခေါ်နိုင်သူတွေ မဟုတ်ဘူးလို့ ပါလ်မာ ဖွင့်ဟ

လန်ဒန်ဒါဘီပွဲစဉ်မှာ မြို့ခံကလပ် ဖူလ်ဟမ်အသင်းကို ပွဲပြီးခါနီး Comeback ရလဒ်နဲ့ ရှုံးနိမ့်ခဲ့ရပြီးနောက် ချယ်လ်ဆီးအသင်းရဲ့ အင်္ဂလန် ကြယ်ပွင့်ကစားသမား ကိုး ပါလ်မာက သူတို့အသင်းဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်သူတွေ မဟုတ်သေးဘူးလို့ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းက ဒီရာသီမှာ နည်းပြ အန်ဇို မာရက်စ်ကာလက်ထက် ပရီးမီးယားလိဂ် (၁၇)ပွဲအထိ ကစားထားပြီးချိန် မန်စီးတီးနဲ့ လီဗာပူးလ်တို့ကိုသာ ရှုံးနိမ့်ခဲ့ပြီး နိုင်ပွဲ (၁၀) သရေပွဲ (၅)ပွဲနဲ့ အမှတ်ပေးဇယားရဲ့ အဆင့်(၂)နေရာအထိတောင် တက်လှမ်းထားနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။ ဒီလို အခြေအနေတွေကြောင့်ပဲ ချယ်လ်ဆီးကို ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် မျှော်လင့်ချက် ရှိလာပြီလို့ ယူဆလာကြပါတယ်။

Photo Credit : We Ain’t Got No History

ဒါပေမယ့် နည်းပြ မာရက်စ်ကာကတော့ သူတို့အသင်းဟာ အမှတ်ပေး ချန်ပီယံဆုအတွက် အဆင်သင့် မဖြစ်သေးဘူးလို့ ပြောဆိုခဲ့သလို အခု ဖူလ်ဟမ်ကို ရှုံးနိမ့်ခဲ့ပြီးနောက် ချယ်လ်ဆီးကြယ်ပွင့် ပါလ်မာကပါ သူတို့ ချယ်လ်ဆီးအသင်းက ပရီးမီးယားလိဂ် ချန်ပီယံဆုအတွက် စိန်ခေါ်နိုင်သူတွေ မဟုတ်ဘူးလို့ ပြောဆိုသွားခဲ့ပါတယ်။

“ပွဲပြီးခါနီးမှ အရှုံးပေးလိုက်ရတာက တကယ် ခက်ခဲပါတယ်။ ပထမပိုင်းမှာ ကျွန်တော်တို့ ကောင်းကောင်း ကစားနိုင်ခဲ့ပြီး ပွဲကိုလည်း ထိန်းချုပ်နိုင်ခဲ့သလို အခွင့်အရေး အနည်းငယ်ပါ ရခဲ့ပါသေးတယ်။ ဒုတိယပိုင်းမှာတော့ ကျွန်တော်တို့က ထိန်းချုပ်မှု အနည်းငယ် ဆုံးရှုံးခဲ့တယ်။ သူတို့အသင်းကတော့ အကူးအပြောင်းတွေမှာ ကောင်းမွန်ပြီး direct play ကစားတာလည်း ကောင်းမွန်ပါတယ်။”

Photo Credit : Chelsea Football Club

“ကျွန်တော်တို့က ဒီပွဲမှာ သူတို့ကို ကျွန်တော်တို့ထက် ပိုကောင်းအောင် ပြောင်းလဲပေးခဲ့ရာကနေ ရှုံးပွဲအဖြစ် ပေးဆပ်လိုက်ရပါတယ်။ ဒါပေမယ့် အဆင်ပြေပါတယ်။ ရက်အနည်းငယ်အတွင်းမှာလည်း နောက်ထပ်ပွဲတွေ ကစားဖို့ ရှိပါသေးတယ်။ အဲ့ဒီအတွက် ဆက်လုပ်နေရပါဦးမယ်။ ကျွန်တော်တို့ ကစားတဲ့ပွဲတိုင်း အနိုင်ရမှာ မဟုတ်ဘူးဆိုတာလည်း သိပါတယ်။”

“အားလုံးကလည်း ရာသီအစကတည်းက ကျွန်တော်တို့ဟာ ချန်ပီယံဆုအတွက် စိန်ခေါ်သူ မဟုတ်ဘူးဆိုတာကို ပြောကြတယ်။ ဒါလည်း မှန်ပါတယ်။ နည်းပြကြီးကလည်း ဒါဟာ သင်ယူဖို့ အခွင့်အရေးပဲလို့ ပြောတယ်။ ပိုပြီး တိုးတက်လာအောင် ကြိုးစားနေဆဲပါပဲ။” လို့ ပါလ်မာက ဖူလ်ဟမ်နဲ့ပွဲစဉ်အပြီးမှာ ပြောဆိုသွားခဲ့ပါတယ်။

Exit mobile version