ဘယ်လ်ဂျီယံလက်ရွေးစင်အသင်းရဲ့ ကွင်းလယ်ဖန်တီးရှင် ကစားသမားဖြစ်သူ ကယ်ဗင်ဒီဘရိုင်းနားက သူတို့ကို ရွှေရောင်မျိုးဆက်အဖြစ် တင်စားခေါ်ဆိုမှုတွေ ရှိနေသလို အသင်းကလည်း ဖီဖာကမ္ဘာ့အဆင့် သတ်မှတ်ချက်မှာ ထိပ်ဆုံးနေရာထိကို အချိန်အတော်ကြာ ရပ်တည်ထားနိုင်ပေမယ့်လည်း တကယ်တမ်းမှာတော့ သူတို့တွေက ဘယ်လ်ဂျီယံအဖြစ်သာ ရှိနေသေးပြီး အီတလီ ပြင်သစ်အသင်းတွေနဲ့အတူ ပြိုင်ပွဲဝင်နိုင်စွမ်း မရှိသေးဘူးလို့ စိတ်ပျက်စွာနဲ့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Manchester City Fans in the World

ဘယ်လ်ဂျီယံလက်ရွေးစင် ဘောလုံးအသင်းဟာ FIFA လို့ခေါ်တဲ့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ရဲ့ နိုင်ငံတကာ အဆင့်သတ်မှတ်ချက်မှာ အဆင့်(၁)နေရာနဲ့ (၃)နှစ်အထိ ရပ်တည်နိုင်ခဲ့သလို ဝင်ရောက်ဆင်နွဲလေ့ရှိတဲ့ ပြိုင်ပွဲတိုင်းမှာလည်း ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး အသင်းတစ်သင်းအဖြစ် သတ်မှတ်ခံထားရတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ဘယ်လ်ဂျီယံအသင်းဟာ အခုအချိန်ထိကို ဆုဖလားအောင်မြင်မှု လုံးဝမရှိနိုင်သေးသလို လတ်တလောမှာ ဝင်ရောက်ဆင်နွဲထားခဲ့တဲ့ UEFA Nations League မှာလည်း စတုတ္ထနေရာနဲ့သာ ကျေနပ်ခဲ့ရပါတယ်။

Photo Credit : Oma Sports

အီတလီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ UEFA Nations League ပြိုင်ပွဲရဲ့ တတိယနေရာလုပွဲအပြီး ဘယ်လ်ဂျီယံအသင်းရဲ့ ကွင်းလယ်လူ ဒီဘရိုင်းနားက “ကျွန်တော်တို့အသင်းက တချို့ ထိပ်တန်းအသင်းတွေနဲ့ ရင်ဆိုင်ခဲ့ရချိန်မှာ ပိုကောင်းအောင် ကစားနိုင်ခဲ့တဲ့ အချိန်တွေ ရှိခဲ့ဖူးပြီးတော့ အသင်းမှာ ပါဝင်လာခဲ့ကြတဲ့ မျက်နှာသစ် ကစားသမားလေးတွေကလည်း ဒီပွဲမှာ လက်ခံနိုင်လောက်အောင် ကစားနိုင်ခဲ့ကြပါတယ်။ သူတို့ရဲ့စွမ်းရည်တွေနဲ့ ပြိုင်ဘက်ကောင်းတစ်သင်းကို ရင်ဆိုင်ကစားခဲ့ရချိန်မှာ သူတို့တွေအတွက် အတွေ့အကြုံကောင်းတွေကိုလည်း ရရှိသွားခဲ့တာပေါ့။ ကံဆိုးတာကတော့ ကျွန်တော်တို့တတွေ (၂)ပွဲလုံး ရှုံးနိမ့်ခဲ့ရတာပါပဲ။ ရိုသေလေးစားသမှုနဲ့ ပြောရမယ်ဆိုရင်တော့ ကျွန်တော်တို့က ဘယ်လ်ဂျီယံအဖြစ်နဲ့ပဲ ရှိနေပါသေးတယ်။ ထိပ်တန်းအသင်းတွေကို ယှဉ်ကစားနိုင်တယ်ဆိုပေမယ့်လည်း ပြိုင်ပွဲဝင်နိုင်စွမ်းတော့ မရှိသေးပါဘူး။ လက်ရှိ အသင်းကလည်း မျိုးဆက်သစ်တစ်ခုကို ရောက်ရှိနေတာပါ။ ဒီပွဲမှာလည်း လူကာကူ ဟာဇက်တို့လို ကစားသမားတွေကို ကျွန်တော်တို့ အနားပေးထားရပါတယ်။ ဆိုတော့ ကျွန်တော်တို့အနေနဲ့ အသင်းမှာ ရှိနေတဲ့ ကစားသမားတွေနဲ့ပတ်သက်ပြီး လက်တွေ့ဆန်ရပါလိမ့်မယ်။ ပြင်သစ် စပိန်နဲ့ အီတလီတို့လို ပွဲအတွက် ရွေးချယ်ဖို့ အဆင်ပြေနိုင်တဲ့ ကစားသမား(၂၂)ယောက်လုံးကို ကျွန်တော်တို့ အသင်းက မပိုင်ဆိုင်ထားပါဘူး” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။