MySport Myanmar

ဒီရာသီမှာ သူတို့အသင်း ချန်ပီယံလိဂ်ကို ဆွတ်ခူးနိုင်တယ်လို့ မာရက်ဇ် ကြုံးဝါး

မန်ချက်စတာစီးတီးအသင်းရဲ့ အယ်လ်ဂျီးရီးယား တောင်ပံကစားသမား ရီးယတ်ဒ်မာရက်ဇ်က ဒီနှစ် ဘောလုံးရာသီအတွင်းမှာ သူတို့ မန်စီးတီးအသင်းအနေနဲ့ ဥရောပ ချန်ပီယံလိဂ်ဖလားကို ရယူသွားနိုင်တယ်လို့ ကြုံးဝါးပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

“ကျွန်တော်တို့က ဒီလို အထူး အခိုက်အတန့်များအတွက် တည်ဆောက်ထားတဲ့ အသင်း ဖြစ်ပါတယ်။ လူတိုင်း လိုချင်နေတဲ့ ဒီဆုဖလားကြီးကို ကျွန်တော်တို့ ဆွတ်ခူးရမယ်။ ကျွန်တော်တို့က အဓိက အချိန်များမှာ ခြားနားမှုတွေ ဖန်တီးပေးနိုင်သော ကစားသမားများ ဖြစ်ပါတယ်။ ကျွန်တော်လည်း သူတို့ထဲက တစ်ယောက်ပါပဲ” လို့ မာရက်ဇ်က ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းကတော့ ဒီနေ့ညမှာ ဂျာမန် ဘွန်ဒစ်လီဂါကလပ် လိုက်ပ်ဇစ်အသင်းနဲ့ ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ်အဖြစ် အဝေးကွင်းမှာ ကစားသွားရဖို့ ရှိနေပြီး ဒီဘရိုင်းနားလို အဓိက ကစားသမားအပြင် စတုန်းစ် လာပေါ့တ်တို့လို နောက်ခံလူတွေကလည်း ဒီပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။ မန်စီးတီးက လက်ရှိမှာလည်း ခြေစွမ်းပိုင်း မတည်ငြိမ်မှုတွေ ရှိနေပြီး အာဆင်နယ်လို အသင်းမျိုးကို အဝေးကွင်းမှာ အနိုင်ယူထားပြီးမှ နော်တင်ဖောရက်စ်နဲ့ တစ်ဖက်ကို တစ်ဂိုးစီ သရေကျထားခဲ့ပါတယ်။ ပြိုင်ဘက် လိုက်ပ်ဇစ်အသင်းကလည်း ပြီးခဲ့တဲ့ စက်တင်ဘာလကတည်းကနေ လက်ရှိအချိန်ထိ ပြိုင်ပွဲစုံအတွင်း ရှုံးပွဲ (၁)ပွဲတည်းသာရှိအောင် စွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒါက အဝေးကွင်းမှာ လာကစားရမဲ့ မန်စီးတီးအတွက်တော့ သတိထားစရာ ဖြစ်လာနိုင်ပါတယ်။

Photo Credit : Daily Mail

မန်စီးတီးအသင်းဟာ ပြီးခဲ့တဲ့ ၂၀၂၀-၂၀၂၁ ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ဗိုလ်လုပွဲအဆင့်ဆီ ပထမဆုံးအကြိမ်အဖြစ် တတ်လှမ်းနိုင်ခဲ့ပေမဲ့လည်း အဲ့ဒီဗိုလ်လုပွဲမှာ ပရီးမီးယားလိဂ် ကလပ်အသင်းဖြစ်တဲ့ ချဲလ်ဆီးကို အရေးနိမ့်ခဲ့တာကြောင့် ချန်ပီယံလိဂ်ဖလားနဲ့ လွဲချော်ခဲ့ရပြီး မန်စီးတီးနည်းပြ ဂွာဒီယိုလာရော မန်စီးတီးအသင်းသားတွေ အားလုံးက ချန်ပီယံလိဂ်ဖလားကို အရ ယူဆောင်သွားနိုင်ဖို့ စိတ်အားထက်သန်လျက် ရှိနေပါတယ်။

Exit mobile version