မနေ့ညက ကျင်းပသွားခဲ့တဲ့ အလာဗက်စ်အသင်းနဲ့ ဘာစီလိုနာအသင်းတို့ရဲ့ စပိန်လာလီဂါပွဲစဉ်အတွင်းမှာ ဘာစီလိုနာက ပွဲချိန်(၆၂)မိနစ်နောက်ပိုင်းကတည်းက ကစားသမားတစ်ယောက်အသာနဲ့ ယှဉ်ပြိုင်ကစားခဲ့ရပေမယ့်လည်း အိမ်ရှင်အလာဗက်စ်ရဲ့ ဦးဆောင်မှုကိုသာ ပြန်လည်ချေပနိုင်ခဲ့ပြီး နိုင်ပွဲရရှိဖို့အတွက်ကိုတော့ ဆက်လက်မစွမ်းဆောင်နိုင်ခဲ့တာကြောင့် ဒီရလဒ်အတွက် အသင်းသားတွေအားလုံးက ဒေါသထွက်နေရတယ်လို့ အန်တိုနီဂရစ်ဇ်မန်းက ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Getty Image

အသက်(၂၉)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဂရစ်ဇ်မန်းဟာ မနေ့ညက ပွဲစဉ်အတွင်းမှာ ဘာစီလိုနာအသင်းအတွက် ချေပဂိုးကို သွင်းယူပေးနိုင်ခဲ့ပေမယ့် အနိုင်ဂိုးကိုတော့ သူရော သူရဲ့ဘာစီလိုနာအသင်းဖော်တွေကပါ လုံးဝသွင်းယူနိုင်ခြင်းမရှိခဲ့ပဲ ကစားသမားတစ်ယောက်လျော့နေတဲ့ အလာဗက်စ်အသင်းကို တစ်ဂိုးစီနဲ့သာ သရေကျခဲ့ရပါတယ်။ ဒီရလဒ်နဲ့ပတ်သက်ပြီး ဂရစ်ဇ်မန်းက “ငါတို့တွေအားလုံး ဒေါသထွက်နေကြတယ်။ အရမ်းကို ဒေါသထွက်နေရတယ်။ ဘာကြောင့်လဲဆိုတော့ ငါတို့ဒီပွဲမှာ (၃)မှတ်အပြည့် အလိုရှိနေခဲ့လို့ပါပဲ”

Photo Credit : Getty Image

“ငါတို့တွေ သွင်းဂိုးများစွာကို ပိုင်ဆိုင်ရဖို့အတွက် မအောင်မြင်နိုင်ခဲ့ပါဘူး။ ကျွန်တော်တို့အသင်းက ဒီပွဲမှာ အခွင့်အရေးတွေများစွာကို ရရှိခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က သွင်းဂိုးတစ်ဂိုးလေးပဲ ရခဲ့ပါတယ်။ အသင်းအနေနဲ့ ခြေစွမ်းပိုင်းတွေ ပိုမိုကောင်းမွန်လာဖို့အတွက် ပိုပြီးကြိုးစားရပါလိမ့်မယ်။ အသင်းက ကျွန်တော်ရဲ့သွင်းဂိုးတွေကိုလည်း လိုအပ်နေတာဖြစ်လို့ ကျွန်တော်ကိုယ်တိုင်လည်း ခြေစွမ်းပိုင်းတိုးတတ်လာအောင် ကြိုးစားရပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ ဘာစီလိုနာအနေနဲ့ ဒီရာသီမှာ စပိန်လာလီဂါပွဲစဉ် (၆)ပွဲကစားထားပြီးနာက်မှာ စုစုပေါင်းရမှတ်(၈)မှတ်သာ ရရှိထားခဲ့တဲ့အတွက် ၂၀၀၂-၂၀၀၃ခုနှစ်နောက်ပိုင်း အဆိုးရွွှားဆုံးတာထွက်ဖြစ်နေရပြီး အမှတ်ပေးဇယားထိပ်ဆုံးမှာ ရပ်တည်လို့နေတဲ့ သူတို့ရဲ့မဟာပြိုင်ဘက်အသင်းဖြစ်တဲဲ့ ရီးရဲလ်မက်ဒရစ်နဲ့လည်း (၈)မှတ်အထိကို ကွာဟနေခဲ့ရပါတယ်။ လတ်တလောမှာတော့ ဘာစီလိုနာအသင်းဟာ အသင်းရဲ့ဥက္ကဌဘာတိုမြူအပါအဝင် အသင်းဘုတ်အဖွဲ့ဝင်များနဲ့ လမ်းခွဲထားခဲ့ပြီး အသင်းအတွင်းမှာလည်း လစာကိစ္စနဲ့ပတ်သက်လို့လည်း အသင်းသားတွေနဲ့ အသင်းတာဝန်ရှိသူတွေရဲ့ကြားမှာပါ အဆင်မပြေမှုတွေ ရှိနေပါတယ်။ ဒါပေမယ့် ဘာစီလိုနာဟာ ချန်ပီယံလိဂ်မှာတော့ အခြေအနေကောင်းလျက်ရှိနေပြီး အုပ်စု(၂)ပွဲကစားအပြီးမှာ ဖယ်ရန်ဗာရိုစ့်ကိုရော ဂျုဗင်တပ်စ်အသင်းကိုပါ အနိုင်ယူထားခဲ့ပြီး အုပ်စုဗိုလ်နေရာနဲ့ ဆက်လက်ရပ်တည်လျက် ရှိနေပါတယ်။