ဒေါ့မွန်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား သော်ဂန်ဟာဇက်က သူရဲ့အစ်ကိုအရင်းဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ လက်ရှိအချိန်မှာ ဒဏ်ရာပြသာနာဆိုးတွေအပြင် Covid-19 ဗိုင်းရပ်စ်ပိုးကိုပါ ကူးစက်ခံနေရတဲ့အတွက် အရမ်းကို ကံဆိုးမိုးမှောင်ကျနေရပြီး သူ့လို ကမ္ဘာ့အဆင့်ရှိ ကစားသမားတစ်ယောက်ကိုလည်း ဘယ်ဂျီယံလက်ရွေးစင်အသင်းကရော ရီးရဲလ်မက်ဒရစ်အသင်းကပါ အလိုရှိနေကြတယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Record

အသက်(၂၉)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင် တိုက်စစ်ကစားသမား အီဒင်ဟာဇက်ဟာ ဒီနှစ်ရာသီအစကတည်းက ဒဏ်ရာပြသာနာတွေကြောင့် ရီးရဲလ်အသင်းအတွက် ပွဲစဉ်တချို့ကို လွဲချော်ခဲ့ရပြီး ဒဏ်ရာကနေ ပြန်လည်သက်သာလာလို့ အသင်းအတွက် ပွဲစဉ်အနည်းငယ် ပြန်လည်ကစားပြီးနောက် ကိုဗစ်ပိုးပါ ကူးစက်ခဲ့ရလို့ အနည်းဆုံး (၂)ပတ်အထိ ထပ်မံအနားယူရတော့မှာဖြစ်ပါတယ်။ ဒါကြောင့် ဟာဇက်ဟာ သူရဲ့ဘယ်ဂျီယံလက်ရွေးစင်အသင်းအတွက် နိုင်ငံတကာပွဲစဉ်တွေကို ဝင်ရောက်ဆင်နွဲရတော့မှာမဟုတ်ပဲ ရီးရဲလ်အသင်းအတွက် လာလီဂါပွဲစဉ်တစ်ပွဲလောက်ကိုပါ လွဲချော်ရနိုင်ပါတယ်။

Photo Credit : Goal

အခုလို အခြေအနေဆိုးတွေနဲ့ ရင်ဆိုင်နေရတဲ့ အစ်ကိုဖြစ်သူအီဒင်နဲ့ပတ်သက်ပြီး သော်ဂန်ဟာဇက်က “တစ်နှစ်ဆိုတဲ့ အချိန်အတိုင်းအတာက တကယ့်ကို ရှည်လျားတဲ့ကာလတစ်ခုပါ။ ကျွန်တော်ကတော့ အီဒင်အနေနဲ့ သိပ်မကြာခင်မှာပဲ ပြန်လည်သက်သာလာဖို့ မျှော်လင့်ပါတယ်။ ဘယ်ဂျီယံရော ရီးရဲလ်မက်ဒရစ်အသင်းကပါ သူ့ကို လွမ်းဆွတ်နေကြမှာပါ။ သူက ကမ္ဘာပေါ်က အကောင်းဆုံး ဘောလုံးသမားတစ်ယောက်ဖြစ်ပြီး သူ့လို ကစားသမားမျိုးကို သင်တို့ရဲ့အသင်းမှာ ပိုင်ဆိုင်ထားရမယ်ဆိုရင် အရမ်းကို ကောင်းမွန်နေရမှာပါ။ မက်ဒရစ်ဆိုရင် သူမပါဝင်နိုင်ခဲ့တဲ့ ဗလင်စီယာအသင်းနဲ့ပွဲစဉ်မှာ ရှုံးနိမ့်ခဲ့ရသလို ဘယ်ဂျီယံအသင်းဆိုရင်လည်း သူမပါဝင်နိုင်ခဲ့တဲ့ ပွဲစဉ်အတွင်း အင်္ဂလန်အသင်းကို ရှုံးနိမ့်ခဲ့ပါသေးတယ်။ ဒါပေမယ့်လည်း အီဒင်က လက်ရှိမှာတော့ နေထိုင်လို့ကောင်းနေပါတယ်။ ကိုဗစ်နဲ့ပတ်သက်ပြီးတော့ ဘာလက္ခဏာကိုမှ မခံစားရပါဘူး။ မက်ဒရစ်မြို့က နေအိမ်မှာ သူသီးသန့်နေထိုင်လို့နေပါတယ်။ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရပြီး ပြန်လည်သက်သာလာချိန်ကြမှ ကိုဗစ်ပါ ထပ်မံကူးစက်တာဟာ အရမ်းကို ကံဆိုးပါတယ်။ နောက်တစ်ကြိမ်တော့ ဘာမှထပ်မဖြစ်ဖို့ မျှော်လင့်ပါတယ်” လို့ ထုတ်ဖော်ပြောဆိုလို့သွားခဲ့ပါတယ်။