ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ မန်ယူအသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား ကတော့ ယမန်နေ့ညမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ မန်ယူအသင်းနဲ့ ရှက်ဖီးလ်အသင်းတို့ရဲ့ ပွဲအပြီး မှာ သူတို့အသင်းအနေနဲ့ ရာသီကုန်မှာ အမှတ် ပေး ဇယားရဲ့ အဆင့်၃နေရာနဲ့ ပိတ်သိမ်းနိုင်ဖို့ ရည်မှန်းထားပါတယ်လို့ ပြောဆိုသွားခဲ့ပါတယ်။ အိုးထရက်ဖို့ဒ်ကွင်းထဲမှာ ကစားခဲ့ကြတဲ့ မန်ယူ အသင်းနဲ့ ရှက်ဖီးလ်အသင်းတို့ရဲ့ ပွဲစဉ်မှာ မန်ယူ အသင်းဟာ အကောင်းဆုံးပုံစံ တစ်ခု ရခဲ့ပြီး ဧည့်သည် ရှက်ဖီးလ်အသင်းကို တိုက်စစ်မှူး မာရှယ်ရဲ့ ဟက်ထရစ်နဲ့အတူ သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ ဂိုးပြတ်နိုင်ပွဲ တစ်ပွဲ ရယူနိုင်ခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Goal

မန်ယူအသင်းဟာ အိမ်ကွင်းမှာ ကစားရတဲ့ ပွဲစဉ်တစ်ပွဲ ဖြစ်တာကြောင့် အဓိက ကစားသမား အစုံအလင်နဲ့ ပွဲထွက်လာခဲ့ပြီး ပရိသတ်တွေ စောင့်မျှော်နေကြတဲ့ ပေါ့ဘာ ၊ ဖာနန်ဒက်အတွဲ ကို ကွင်းလယ်မှာ အထိုင်ချကာ ဂရင်းဝုဒ် ၊ ရက်ဖို့ဒ် ၊ မာရှယ်တို့ရဲ့ သုံးဦးတွဲတိုက်စစ်နဲ့ ပွဲစတင်ကတည်းက ရှက်ဖီးလ်အသင်းကို ဖိအားပေး ကစားခဲ့ပါတယ်။ ရှက်ဖီးလ်အသင်း ကတော့ အငှားစာချုပ်ပါ အချက်အလက်တွေအရ သူတို့အသင်းရဲ့ အဓိက ဂိုးသမားတစ်ဦး ဖြစ်တဲ့ ဟန်ဒါဆန်ကို ထုတ်သုံးခွင့်မရခဲ့ပဲ အရန်ဂိုးသမားနဲ့သာ ပွဲထွက်လာခဲ့ရပါတယ်။ အဆိုပါပွဲစဉ်မှာတော့ မန်ယူအသင်းအတွက် အထောင်တိုက်စစ်မှာ ကစားခဲ့ရတဲ့ မာရှယ် ဟာ အထူးခြေစွမ်းပြ ကစားသွားနိုင်ခဲ့ပြီး ပွဲချိန် ၇ မိနစ် ၊ ၄၄မိနစ်နဲ့ ၇၄မိနစ်တို့မှာ သွင်းဂိုးတွေ အသီးသီး သွင်းယူပေးခဲ့ကာ ဟက်ထရစ် ရရှိခဲ့ပါတယ်။

Photo Credit: Goal

ပွဲပြီးဆုံးချိန်မှာတော့ မန်ယူအသင်းနည်းပြ ဆိုးလ်ရှားက သူတို့အသင်းရဲ့ ဒီရာသီ ပစ်မှတ် ဟာ အဆင့်၄နေရာထက် အဆင့်၃နေရာ ကို ရောက်ရှိဖို့ ဖြစ်တယ်လို့ ဆိုသွားပါတယ်။ ရာသီကုန် ရပ်တည်မှု အနေအထားနဲ့ ပတ်သတ်ပြီး မျှော်မှန်းထားတဲ့ အရာတွေကို ဆိုးလ်ရှားက ” အဆင့်၄နေရာဟာ ကျွန်တော်တို့ရဲ့ ပစ်မှတ်ပါလို့ ကျွန်တော် တစ်ခါမှ မပြောဖူးခဲ့ပါဘူး။ အဆင့်၃ နေရာကို ရောက်ရှိဖို့ ကျွန်တော်တို့တေ ကြိုးစားသွားလို့ ရပါသေးတယ်။ ဒါပေမယ့် ရှိတဲ့ ပွဲစဉ်တိုင်းကို အာရုံစိုက်သွားဖို့ လိုအပ်ပါတယ်။ နောက်ထပ် ဖလားပြိုင်ပွဲ နှစ်ခုကလည်း ရှိနေပါသေးတယ်။ ဒီတော့ တစ်ပွဲချင်းစီကို အာရုံစိုက် သွားမှာ ဖြစ်ပြီး အဆုံးသတ်မှာတော့ ကျွန်တော် တို့ဟာ ကျွန်တော်တို့ရဲ့ အပေါ်ဘက်မှာ ရှိတဲ့ အသင်းနှစ်သင်းကို လိုက်မှီဖို့ လိုအပ်တဲ့ ရမှတ် တွေ ရရှိလိမ့်မယ်လို့ မျှော်လင့်ထားပါတယ် ” လို့ ပြောပြသွားခဲ့တာပဲ ဖြစ်ပါတယ်။