MySport Myanmar

တန်းဆင်းသွားရပေမယ့်လည်း ဒါဘီအသင်းကိုသာ ဆက်လက်တာဝန်ယူသွားချင်နေတဲ့ ရွန်နီ

မန်ချက်စတာယူနိုက်တက်နဲ့ အဲဗာတန်အသင်းတွေရဲ့ ထိပ်တန်းကစားသမားဟောင်းကြီးဖြစ်သူ ဝိန်းရွန်နီ ကိုင်တွယ်နေတဲ့ ဒါဘီကောင်တီအသင်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း လိဂ်ပွဲပေါင်း (၄၃)ပွဲ ကစားထားအပြီး (၅၂)မှတ်ထိ စုဆောင်းထားနိုင်ခဲ့ပေမယ့်လည်း အသင်းရဲ့ ဘဏ္ဍာရေး ပြသာနာတွေနဲ့ ရမှတ်(၂၁)မှတ် လျှော့ချခံထားရတာကြောင့် ရမှတ်(၃၁)မှတ်သာ ရှိနေရသလို လက်ကျန်(၃)ပွဲအလိုမှာပဲ အဆင့်(၂၁)က ရက်ဒင်းအသင်းနဲ့ (၁၀)မှတ်ထိ ပြတ်တောက်သွားခဲ့ရတာကြောင့် ရာသီမပြီးဆုံးခင်မှာပဲ ချန်ပီယံရှစ်ကနေ တန်းဆင်းသွားခဲ့ရပြီ ဖြစ်ပါတယ်။

Photo Credit : Mirror

အသက်(၃၆)နှစ်အရွှယ်ရှိ အင်္ဂလန်တိုက်စစ်မှူးဟောင်းကြီး ရွန်နီဟာ သူရဲ့ကစားသမားဘဝကို အဆုံးမသတ်ခင် ဒါဘီအသင်းမှာ ကစားသမား-နည်းပြအဖြစ် ဆောင်ရွှက်ခဲ့ရင်းနဲ့ ၂၀၂၁ခုနှစ် နှစ်အစပိုင်းမှာပဲ ဘောလုံးသမားဘဝကနေ အနားယူပြီး ဒါဘီနည်းပြအဖြစ် တာဝန်ယူခဲ့ပါတယ်။ ရွန်နီဟာ ဒါဘီအသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပေမယ့် အသင်းရဲ့ ငွေကြေးမတည်မငြိမ်မှုတွေကြောင့် ရမှတ်(၂၁)မှတ် ဖြတ်တောက်ခံရတဲ့အထိ အရေးယူမှုနဲ့ ရင်ဆိုင်ခဲ့ရတာမို့ တန်းမဆင်းရဖို့ကို တောင့်ခံမထားနိုင်တော့ပဲ ပွဲစဉ်(၄၃)အပြီးမှာပဲ ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းပြိုင်ပွဲဆီ တန်းဆင်းသွားခဲ့ရပါတယ်။

Photo Credit : Football365

အခုလို တန်းဆင်းခဲ့ရတာနဲ့ ပတ်သက်ပြီး ရွန်နီက “ဂုဏ်ယူမိတယ်။ ဒါက ထူးခြားတဲ့ ခံစားချက်တစ်ခုပါ။ ဘာကြောင့်လဲဆိုတော့ အဖွဲ့တစ်ဖွဲ့အနေနဲ့ ကျွန်တော်တို့ ဖြတ်သန်းခဲ့သမျှ အရာအားလုံး အသင်းရဲ့ ဖွံဖြိုးတိုးတတ်မှုတွေက တကယ်ကို အပြုသဘောဆောင်ခဲ့တာကြောင့်ပါ။ အသင်းတစ်သင်းက တန်းဆင်းသွားတဲ့အခါ အသင်းပရိသတ်တွေရဲ့ ဒီလို တုံ့ပြန်အားပေးမှုကို တစ်ခါမှ မမြင်ဖူးပါဘူး။ ဒါက မယုံနိုင်စရာကောင်းတယ်လို့ ကျွန်တော် ထင်ပါတယ်။ စိတ်ပျက် ဝမ်းနည်း စိတ်မကောင်း ဖြစ်ခဲ့ရပေမယ့်လည်း ဂုဏ်ယူမိတယ်။ အသင်းကို ဝယ်ယူမှုတွေ ဖြစ်လာမယ်ဆိုရင် ကောင်းပါတယ်။ အဲ့ဒီလို မဖြစ်လာခဲ့ရင်တော့ ဒီကလပ်အသင်းအတွက် ကျွန်တော် စိုးထိတ်မိတယ်။ အသင်းဝယ်ယူမှုတွေ ဖြစ်မလာခဲ့ရင် အသင်းရဲ့ အနာဂတ်ရော ကျွန်တော်ရဲ့ အနာဂတ်ပါ မရေမရာ ဖြစ်လာတော့မှာ။ ဒီလိုမှ မဟုတ်ပဲ အသင်းဝယ်ယူမှု ဖြစ်လာခဲ့ရင်တော့ ကျွန်တော် ဒီအသင်းကို ပြန်လည်တည်ဆောက်ချင်ပါတယ်။ ဒါဘီဆိုတာ စပယ်ရှယ် ကလပ်အသင်းပါ။ ကြီးကျယ်ခမ်းနားတဲ့ အသင်း။ အဲ့လိုနေ့ရက်တွေကိုလည်း ပြန်ဖော်ဆောင်ချင်မိတယ်။ ကျွန်တော်တို့အားလုံး ဒီမှာရှိနေရတာကို ဂုဏ်ယူမိတယ်။ ကျွန်တော်တို့က (၅၂)မှတ်ထိတောင် ရှာဖွေထားနိုင်တာမို့ ပုံမှန်အခြေအနေမှာသာဆိုရင် တန်းမဆင်းရဖို့အတွက် safe ဖြစ်နေလောက်ပါပြီ။ ကစားသမားအတွက်တော့ ကျွန်တော် အရမ်းခံစားမိပါတယ်” ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။

Exit mobile version