အမေရိကန် မေဂျာလိဂ် ကလပ်အသင်း ဒီစီယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာခဲ့သူ ဝိန်းရွန်နီက သူ ပါဝင်ကစားခဲ့ဖူးတဲ့ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားတွေကို ဒီစီယူနိုက်တက်ဆီ ခေါ်ဆောင်ချင်နေပြီး လက်ရှိမှာလည်း ယူနိုက်တက်မှာ အနာဂတ် မရှိတော့တဲ့ နောက်ခံကစားသမား ဖေးလ်ဂျုံးစ်ကိုပါ ခေါ်ဆောင်နေတယ်လို့ သိရပါတယ်။

Wayne Rooney is ready to bring his old Man Utd team-mate Phil Jones to Washington with him to join DC United

Photo Credit : The Sun

ယူနိုက်တက် အဲဗာတန်နဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတွေရဲ့ ကစားသမားဟောင်းကြီး ရွန်နီဟာ ဒါဘီကောင်တီအသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့ပြီးနောက် ရက်ပိုင်းအကြာမှာပဲ သူ့အသင်းဟောင်း ဒီစီယူနိုက်တက်ရဲ့ နည်းပြသစ် ဖြစ်လာခဲ့ရပါတယ်။ ဒီစီယူနိုက်တက် နည်းပြဖြစ်လာခဲ့တဲ့ ရွန်နီက သူ့အသင်းအတွက် ကစားသမားသစ်တွေအဖြစ် ယူနိုက်တက် ကစားသမားဟောင်းတွေဖြစ်တဲ့ ဂျက်လီလင်ဂတ်နဲ့ မော်ရစ်ဆင်တို့ကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူချင်သလို ယူနိုက်တက်မှာ လုံးဝကို နေရာပျောက်နေရတဲ့ နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ကိုပါ ခေါ်ဆောင်သွားချင်နေတယ်လို့ သိရပါတယ်။

Man Utd fringe centre-back Phil Jones is trying to rebuild his career aged 30 and might be offered the chance at Wayne Rooney's DC United

Photo Credit : The Sun

အသက်(၃၀)အရွယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း နောက်ခံကစားသမား ဖီးလ်ဂျုံးစ်ဟာ ၂၀၁၁ခုနှစ်ကတည်းက ဘလက်ဘန်းကနေ ယူနိုက်တက်အသင်းဆီကို ရောက်ရှိနေခဲ့တာဖြစ်ပြီး အသင်းနဲ့ ဘောလုံးရာသီ (၁၁)ရာသီအထိ ဖြတ်သန်းထားခဲ့သူလည်း ဖြစ်ပါတယ်။ ဗဟိုခံစစ် ကွင်းလယ်ခံစစ် ညာခြမ်းခံစစ် နေရာအစုံမှာ ပါဝင်ကစားနိုင်သူဖြစ်ပြီး ယူနိုက်တက်ရဲ့ ဂန္တဝင်နည်းပြကြီး ဆာအဲလက်စ်ဖာဂူဆန်ကိုယ်တိုင် နှစ်သက်ခဲ့ရတဲ့ ဖီးလ်ဂျုံးစ်ဟာ ဒဏ်ရာပြသာနာဆိုးတွေကြောင့် ဘောလုံးကစားခြင်းကနေ ကာလအတန်ကြာ အနားယူခဲ့ရသလို ပြန်လည် သက်သာလာချိန်မှာလည်း သူရဲ့ ပုံမှန်ခြေစွမ်းတွေ ပုံမှန်ပွဲကစားခွင့်တွေ ပြန်မရနိုင်တော့ပဲ အတော်လေး ရုန်းကန်ခဲ့ရပါတယ်။ ပြီးခဲ့တဲ့ (၃)ရာသီအတွင်း ယူနိုက်တက်အသင်းအတွက် ပြိုင်ပွဲစုံ (၁၃)ပွဲသာ ပါဝင်ထားခဲ့ရတဲ့ ဖီးလ်ဂျုံးစ်ဟာ အခုလည်း နည်းပြသစ် အဲရစ်တန်ဟက်ဂ်ရဲ့ ရာသီကြို အစီအစဉ်တွေမှာ ပါဝင်လာခဲ့ခြင်းမရှိသလို လီဆန်ဒရိုမာတီနက်ဇ်ပါ ရောက်ရှိလာချိန် မဖြစ်မနေ ပြန်လည်ရှင်းထုတ်သွားမယ့် အသင်းရဲ့အရောင်းစာရင်းထဲမှာပါ ပါဝင်လို့နေပါတယ်။ ဒီလို အခြေအနေမှာ ဖီးလ်ဂျုံးရဲ့ အသင်းဖော်ဟောင်း ရွန်နီက ဂျုံးစ်ကို သူရဲ့ ဒီစီယူနိုက်တက်အသင်းဆီ ခေါ်ဆောင်သွားချင်နေပါတယ်။ ရွန်နီဟာ ဒါဘီကောင်တီအသင်းမှာ နည်းပြအဖြစ် ဆောင်ရွက်ခဲ့စဉ်ကလည်း ဖီးလ်ဂျုံးစ်ကို အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းခဲ့ဖူးပြီး အဲ့ဒီအချိန်တုန်းကတော့ ဖီးလ်ဂျုံးစ်ကိုယ်တိုင် ပယ်ချသွားခဲ့ပါတယ်။