ပရီးမီးယားလိဂ် အင်အားကြီးကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းနဲ့ အင်္ဂလန်အသင်းတို့ရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို လက်ရှိမှာလည်း ဒါဘီအသင်းကို ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီဟာ ပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ထားတဲ့ နယူးကာဆယ်အသင်းကို ကိုင်တွယ်ဖို့ ဆန္ဒရှိနေကြောင်း ဗြိတိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ နည်းပြလောကထဲကို ဝင်ရောက်ခဲ့တဲ့ ဝိန်းရွန်းနီဟာ ဒါဘီအသင်းကို တန်းမဆင်းရအောင် ဦးဆောင်နိုင်ခဲ့ပြီး သူ့ရဲ့ လက်ထက်မှာ ဒါဘီအသင်းဟာ ကစားသမား အားဖြည့်မှုတွေ မပြုလုပ်ထားပေမယ့် ရှုံးပွဲနည်းပါးခဲ့ပါတယ်။

Photo Credit: Sky Sports

တဖက်မှာတော့ နယူးကာဆယ်အသင်းဟာ အသင်းပိုင်ရှင် အပြောင်းအလဲ ဖြစ်ပေါ်ပြီးနောက် အသင်းကို ဥရောပရဲ့ အသင်းကြီး တသင်း ဖြစ်လာအောင် ပြုပြင်ဖို့ ရည်ရွယ်ထားပြီး အသင်းရဲ့ နည်းပြဖြစ်သူ စတိဗ်ဘရုစ်ကို ရာထူးကနေ ထုတ်ပယ်ကာ နည်းပြသစ် တဦးကို ခန့်အပ်ဖို့ ကြိုးစားနေပါတယ်။

လက်ရှိမှာတော့ နယူးကာဆယ်အသင်းရဲ့ နည်းပြသစ် ဖြစ်လာဖို့ ရေပန်းစားနေတဲ့ နည်းပြစာရင်းမှာ ရွန်းနီရဲ့ လက်ရွေးစင် အသင်းဖော်ဟောင်းတွေ ဖြစ်တဲ့ လမ်းပတ်နဲ့ ဂျာရတ်တို့ ပါဝင်နေသလို ပရီးမီးယားလိဂ် အတွေ့အကြုံရင့် နည်းပြတွေ ဖြစ်တဲ့ အက်ဒီဟောင်း ၊ မန်စီနီ စတဲ့ နည်းပြတွေကလည်း နယူးကာဆယ် အသင်းရဲ့ ချိတ်ဆက်မှုကို ရရှိထားပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနရဲ့ ဖော်ပြချက်အရ မန်ချက်စတာ ယူနိုက်တက် ဂန္တဝင် တိုက်စစ်မှူး ဝိန်းရွန်းနီဟာ ဒါဘီအသင်းပိုင်ရှင်နဲ့ ဆက်ဆံရေး အဆင်မပြေတာကြောင့် အသင်းပြောင်းဖို့ စတင် စဉ်းစားနေပြီး နယူးကာဆယ်အသင်းကသာ သူ့ကို ကမ်းလှမ်းလာပါက လက်ခံဖို့ အဆင်သင့် ပြင်ဆင်ထားကြောင်း သိရပါတယ်။

ဒါပေမယ့် နယူးကာဆယ်အသင်း ကတော့ နည်းပြအတွေ့အကြုံ နည်းပါးတဲ့ ဝိန်းရွန်းနီကို သူတို့အသင်းရဲ့ နည်းပြသစ် အဖြစ် ခန့်အပ်ဖို့ ရာခိုင်နှုန်း နည်းပါးနေပြီး ရွန်းနီဟာ နယူးကာဆယ်အသင်းကို ကိုင်တွယ်ချင်ပါက ခိုင်မာတဲ့ နည်းစနစ်တွေနဲ့ ရေရှည် အစီအမံ တခုကို ချပြနိုင်ဖို့ လိုအပ်ကြောင်း နယူးကာဆယ်အသင်းနဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြားထားကြပါတယ်။