မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ legend player ကြီး ဝိန်းရွန်နီက လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူ ဆောင်ရွက်နေပေမယ့် နည်းပြလစ်လပ်နေတဲ့ ပရီးမီးယားကလပ် ဆောက်သမ်တန်အသင်းကို ပြောင်းလဲ ကိုင်တွယ်သွားဖို့အတွက် စိတ်ဝင်စားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : CaughtOffside

ဆောက်သမ်တန်အသင်းဟာ လက်ရှိ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အောက်ခြေမှာ ရှိနေရပြီး တန်းဆင်းသွားရမယ့် အန္တရာယ်နဲ့ပါ ရင်ဆိုင်နေရသလို ဒီရာသီအတွင်းမှာပဲ နည်းပြနှစ်ဦးအထိ အပြောင်းအလဲ လုပ်ဆောင်ထားခဲ့ပါတယ်။ လက်ရှိမှာလည်း အသင်းနည်းပြ နာသန်ဂျုံးစ်ကို အသင်းကနေ ထုတ်ပယ်ထားပြီး နည်းပြတစ်ဦးကို အလျင်အမြန် ခန့်အပ်သွားဖို့ ရှိနေရာ ပရီးမီးယားလိဂ်ရဲ့ ဂန္တဝင် ကစားသမားဟောင်းကြီးဖြစ်သူ ရွန်နီက အင်္ဂလန်မြေကို ပြန်လာကာ ဆောက်သမ်တန်နည်းပြအဖြစ် တာဝန်ယူသွားဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : CaughtOffside

ဘောလုံးသမားဘဝက အနားယူပြီးနောက်ပိုင်း ဒါဘီကောင်တီ အသင်းနည်းပြအဖြစ် ပြောင်းလဲ ဆောင်ရွက်ခဲ့တဲ့ ရွန်းနီဟာ ဒါဘီမှာ (၈၅)ပွဲအထိ ကိုင်တွယ်ခဲ့ပြီးနောက် ကစားသမားဘဝအတွင်း ကျင်လည်ခဲ့ဖူးတဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကို ပြောင်းလဲ ကိုင်တွယ်ခဲ့ပါတယ်။ နည်းပြ အတွေ့အကြုံ နုနယ်သေးတဲ့ ရွန်းနီဟာ လက်ရှိမှာတော့ နည်းပြလက်မဲ့ ဖြစ်နေရတဲ့ ဆောက်သမ်တန်အသင်းကို ကိုင်တွယ်ချင်နေပေမယ့် ဒါဘီမှာ နိုင်ပွဲရာခိုင်နှုန်း (၂၈.၂)% ဒီစီမှာ နိုင်ပွဲရာခိုင်နှုန်း (၁၄.၃)%သာ ရယူထားနိုင်ခဲ့တာကြောင့် ဆောက်သမ်တန်လို တန်းဆင်းဇုန်ကနေ အလွတ် ရုန်းထွက်ရမယ့် အသင်းအတွက် ရွန်းနီကို နည်းပြအဖြစ် ခန့်အပ်ဖို့က မလွယ်ကူနိုင်ပါဘူး။ ဆောက်သမ်တန်အသင်းဟာလည်း နောက်ဆုံး ကစားထားခဲ့တဲ့ ပရီးမီးယားလိဂ် (၁၀)ပွဲအတွင်းမှာ နိုင်ပွဲ (၁)ပွဲတည်းသာ ရှိထားရပြီး ကျန်တဲ့ (၉)ပွဲလုံး ရှုံးပွဲတွေ့ထားရတာကြောင့် အခုလို အမှတ်ပေးဇယား အောက်ခြေကို ရောက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။ အသင်းက ဆောင်းဈေးကွက်အတွင်းမှာ ကစားသမားသစ် ဖြည့်တင်းမှုတွေ လုပ်ဆောင်ထားပေမယ့် ရလဒ်တွေ ပြန်လည် မကောင်းမွန်လာသေးတာကြောင့် နာသန်ဂျုံးစ်ကို ထုတ်ပယ်လိုက်တာဖြစ်ပြီး လိဒ်စ်နည်းပြဟောင်း ဂျက်ဆီမက်ချ် ဗီလာနည်းပြဟောင်း ဂျရတ် အဲဗာတန်နည်းပြဟောင်း လမ်းပတ်တို့ကို စောင့်ကြည့်လျက် ရှိနေပါတယ်။