MySport Myanmar

အသင်းဟောင်း ဒီစီယူနိုက်တက်ကို နည်းပြဖို့ အမေရိကန်နိုင်ငံကို ရောက်ရှိနေတဲ့ ရွန်နီ

လိဂ်ဝမ်းကလပ် ဒါဘီကောင်တီအသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်ထားခဲ့ပြီး လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ နည်းပြဝိန်းရွန်နီကို သူပါဝင်ကစားခဲ့ဖူးတဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းက အသင်းနည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် သဘောတူညီမှု ရရှိခဲ့ပြီဖြစ်သလို ရွန်နီကိုယ်တိုင်ကလည်း အမေရိကန်နိုင်ငံ ဝါရှင်တန်မြို့ဆီကို ရောက်ရှိနေပြီလို့ သိရပါတယ်။

Photo Credit : 101 Great Goals

အသက်(၃၆)နှစ်အရွယ်ရှိ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းကြီး ရွန်နီဟာ ဒါဘီကောင်တီအသင်းမှာ သူရဲ့ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီးနောက် ဒါဘီနည်းပြအဖြစ်နဲ့ နည်းပြနယ်ပယ်ထဲကို ချက်ချင်းဝင်ရောက်ခဲ့ပါတယ်။ ရွန်နီဟာ ဒါဘီနည်းပြအဖြစ် တစ်နှစ်ကျော်နီးပါးလောက်အထိ ဆောင်ရွက်ခဲ့ပြီး အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပေမယ့်လည်း ဒါဘီအသင်းရဲ့ ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရမှတ်တွေ လျှော့ချခံရပြီး ရာသီကုန်မှာတော့ ချန်ပီယရှစ်ကနေ လိဂ်ဝမ်းအထိ တန်းဆင်းသွားခဲ့ရသလို အသင်းရဲ့ အနာဂတ် အခြေအနေတွေဟာလည်း မရေရာတော့ကြောင့် နောက်ဆုံးမှာ ရွန်နီက ဒါဘီနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်လိုက်ရပါတယ်။

Photo Credit : Goal

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ရွန်နီကို သူ့အသင်းဟောင်းဖြစ်တဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းက အသင်းနည်းပြသစ်အဖြစ်နဲ့ ခန့်အပ်သွားဖို့ စီစဉ်လာခဲ့ရာ အခုဆိုရင် သဘောတူညီမှုပါ ရရှိသွားခဲ့ပြီ ဖြစ်ပါတယ်။ ရွန်နီဟာ ဝါရှင်တန်ဒီစီမြို့ အခြေစိုက် ဒီစီယူနိုက်တက်အသင်းဟာ ၂၀၁၈ခုနှစ်တုန်းက(၃)နှစ်ခွဲစာချုပ်နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီစီအသင်းအတွက် (၂)ရာသီ ကစားပေးခဲ့ကာ (၅၂)ပွဲအတွင်း (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဒီစီယူနိုက်တက်အသင်းက အသင်းနည်းပြ ဟာနန်လော့စ်ဆာကို ပြီးခဲ့တဲ့ ဧပြီလကတည်းက အသင်းကနေ ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး ယာယီနည်းပြ ချတ်ဒ်အက်ရှ်တန်နဲ့ လက်ရှိဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေတာဖြစ်သလို အသင်းရဲ့ ရလဒ်တွေဟာလည်း အတော်လေးဆိုးရွှားနေတာကြောင့် အမှတ်ပေးဇယားနောက်နားထိပါ ရောက်ရှိနေရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဒီစီအသင်းက နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားဖို့ စီစဉ်လာခဲ့ရာ အသင်းရဲ့ ကစားသမားဟောင်းကြီး ဝိန်းရွန်နီကိုပါ ဆက်သွယ်လာခဲ့ပြီး ရွန်နီကိုယ်တိုင်ကလည်း သူ့အသင်းဟောင်းကို ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေတဲ့အတွက် ကမ်းလှမ်းမှုကို လက်ခံသွားခဲ့တာ ဖြစ်ပါတယ်။

Exit mobile version