မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အင်္ဂလန်လက်ရွေးစင်အသင်းတွေရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်တဲ့ ဝိန်းရွန်နီဟာ လက်ရှိမှာ ဘောလုံးသမားဘဝကနေ အနားယူထားခဲ့ပြီး လိဂ်ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းရဲ့ နည်းပြအဖြစ် တာဝန်ယူဆောင်ရွှက်နေပေမယ့် လာမယ့် စက်တင်ဘာလအတွင်းမှာတော့ ဂယ်ရီနဖီးလ် ပေါလ်စခိုးတို့လို ယူနိုက်တက်အသင်းဖော်ဟောင်းတွေနဲ့အတူ ဘောလုံးပြန်လည်ကစားသွားတော့မယ်လို့ သိရပါတယ်။

Photo Credit : The Athletic

အသက်(၃၅)နှစ်အရွှယ်ရှိ တိုက်စစ်မှူးဟောင်း ရွန်နီဟာ UNICEF ကနေ ကြီးမှူးကျင်းပမယ့် ရန်ပုံငွေဘောလုံးပွဲစဉ်အတွင်းမှာ ကစားသမားတစ်ဦးအဖြစ် ဝင်ရောက်ဆင်နွဲသွားမှာဖြစ်ပြီး ဒီပွဲစဉ်ကိုတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီက ပရီးမီးယားလိဂ်ချန်ပီယံဖြစ်ခဲ့တဲ့ မန်စီးတီးရဲ့ ဘောလုံးကွင်းကြီးတစ်ခုဖြစ်တဲ့ အယ်တီဟတ်ကွင်းထဲ ကျင်းပသွားမှာဖြစ်ပါတယ်။ ရွန်နီဟာ ဒီပွဲစဉ်မှာ အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ ဝတ်စုံကို ဝတ်ဆင်သွားမှာဖြစ်ပြီး ရွန်နီရဲ့ယူနိုက်တက်နဲ့ အင်္ဂလန်အသင်းဖော်ဟောင်းတွေဖြစ်တဲ့ ပေါလ်စခိုး ဂယ်ရီနဖီးလ်တို့အပြင် မန်စီးတီးနောက်ခံကစားသမားဟောင်း မီကာရစ်ချတ်တို့ကလည်း ပါဝင်ယှဉ်ပြိုင်သွားမယ်လို့ သိရှိရပါတယ်။

Photo Credit : Yahoo Sport

ဒါ့အပြင် နာမည်ကျော် ဘောလုံးသမားဟောင်းတွေဖြစ်တဲ့ ရောဘတ်တိုကားလို့စ် ပက်ထရစ်အီဗရာ ဒေးဗစ်ဂျိမ်းစ် အက်ရှ်လေကိုး အီမီလီဟက်စကီးနဲ့ ဂျေမီရက်နက်ဒ်တို့ကလည်း ဝင်ရောက်ဆင်နွဲမှာဖြစ်သလို စပါးအသင်းနည်းပြဟောင်း ဟယ်ရီရက်နက်ဒ်က နည်းပြအဖြစ်နဲ့ ဆောင်ရွှက်သွားမယ်လို့ သိရပါတယ်။ အခုပွဲစဉ်မှာ ပါဝင်ယှဉ်ပြိုင်သွားမယ့် ရွန်နီဟာ မကြာသေးခင်ကမှ နည်းပြလောကထဲကို စတင်ဝင်ရောက်လာခဲ့တာဖြစ်ပြီး ကစားသမား/နည်းပြအဖြစ် ဆောင်ရွှက်လို့နေတဲ့ ဒါဘီကောင်တီအသင်းမှာ နည်းပြချုပ်ရာထူးကို ပြောင်းလဲလက်ခံခဲ့ပြီး တန်းဆင်းဇုန်အောက်ကို ရောက်ရှိနေတဲ့ အသင်းကိုလည်း ရာသီအကုန်မှာ တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပါတယ်။ ယူနိုက်တက်အသင်းရဲ့ အမြဲတမ်းဂိုးသွင်းအများဆုံး ကစားသမားအဖြစ် စံချိန်တင်ထားခဲ့တဲ့ ရွန်နီဟာ တနေ့နေ့တကြိမ်ကြိမ်မှာ သူရဲ့အသင်းဟောင်း ယူနိုက်တက်အသင်းရဲ့ နည်းပြတစ်ဦးအဖြစ်နဲ့ပါ တာဝန်ယူဆောင်ရွှက်ချင်တယ်လို့ ဖွင့်ဟထားခဲ့ပြီး အောင်မြင်တဲ့ နည်းပြတစ်ဦးဖြစ်လာဖို့အတွက် ထုတ်ဖော်ပြောဆိုထားခဲ့ပါတယ်။ ရွန်နီ ပါဝင်ယှဉ်ပြိုင်သွားမယ့် ဒီရန်ပုံငွေကို စက်တင်ဘာလ လဆန်းပိုင်းအတွင်းမှာ ကျင်းပမှာဖြစ်ပေမယ့် ရက်အတိအကျကိုတော့ ထုတ်ပြန်ထားခြင်း မရှိသေးပါဘူး။