အင်္ဂလန် ကစားသမားဟောင်းကြီးလည်းဖြစ်ပြီး လက်ရှိမှာ နည်းပြတစ်ဦးလည်းဖြစ်တဲ့ ဝိန်းရွန်နီက စပိန်အသင်းရဲ့ လူငယ် ကြယ်ပွင့်တောင်ပံကစားသမားလေး နီကို ဝီလီယံစ်ကို ခရစ္စတီယာနို ရော်နယ်လ်ဒိုနဲ့ ခိုင်းနှိုင်းမှုတွေ လုပ်ဆောင်သွားခဲ့ပါတယ်။

စပိန်အသင်းဟာ ယူရို-၂၀၂၄ ပြိုင်ပွဲမှာ အသင်းရဲ့ တိုက်စစ်ပိုင်းအတွက် နီကို ဝီလီယံစ်နဲ့ လာမိုင်း ယာမဲလ်တို့ရဲ့ လူငယ် တောင်ပံအတွဲအဖက်နဲ့အတူ အထောင်တိုက်စစ်နေရာမှာ ဝါရင့် တိုက်စစ်မှူး အဲလ်ဗာရို မိုရာတာနဲ့ တွဲဖက် အသုံးပြုရင်း နီကို ဝီလီယံစ်က (၁)ဂိုးသွင်း (၁)ဂိုးဖန်တီး မိုရာတာက (၁)ဂိုးသွင်းပြီး ယာမဲလ်ကတော့ (၁)ဂိုးသွင်း (၃)ဂိုးဖန်တီးထားခဲ့ပါတယ်။

Photo Credit : Goal

လက်ရှိမှာ စပိန်အသင်းက ယူရို-၂၀၂၄ ပြိုင်ပွဲရဲ့ ဗိုလ်လုပွဲအဆင့်ဆီကို တက်လှမ်းထားနိုင်ခဲ့ပြီဖြစ်ပြီး ဗိုလ်လုပွဲမှာတော့ အင်္ဂလန်အသင်းနဲ့ ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။ ဒီပွဲမှာ ဝီလီယံစ် မိုရာတာ အော်လ်မို ယာမဲလ်တို့ တိုက်စစ်အတွဲအဖက်နဲ့ ဖိုဒန် ဘယ်လင်ဟမ် ဟယ်ရီကိန်း ဆာကာတို့ တိုက်စစ်အစုအဖွဲ့တို့ အားပြိုင်ကြမှာလည်း ဖြစ်ပါတယ်။

စပိန်တိုက်စစ် အစုအဖွဲ့ထဲက တောင်ပံကစားသမား နီကို ဝီလီယံစ်ရဲ့ စွမ်းဆောင်မှုတွေနဲ့ ပတ်သက်ပြီး ဝိန်းရွန်နီက “ဝီလီယံစ်က ထူးခြားတဲ့ ကစားသမားလေးတစ်ဦးပါ။ သူ ကစားနေတာကို ကြည့်ရတာ ခရစ္စတီယာနို ရော်နယ်လ်ဒို ခပ်ငယ်ငယ်တုန်းက ကစားပုံတွေကို သတိရမိစေပါတယ်။”

Photo Credit : Football365

“သူက အရည်အသွေး ပြည့်ဝတဲ့ ကစားသမားလေးပါ။ သူက တစ်ခါတစ်လေမှာ အများကြီးတွေ လုပ်ပြဖို့ ကြိုးစားတက်ပေမယ့် များသောအားဖြင့်ကတော့ သူက မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကိုသာ လုပ်ဆောင်နိုင်ပါတယ်။ သူက တစ်ဦးချင်း ရင်ဆိုင်ရတဲ့ အခိုက်အတန့်တွေမှာ မထင်ထားလောက်တဲ့ ခြိမ်းခြောက်မှုတွေ လုပ်ဆောင်နိုင်သလို ဂိုးတွေလည်း သွင်းယူနိုင်ပါတယ်။ အင်္ဂလန်က ဒီကစားသမားလေးကို အထူးသတိထားဖို့ လိုအပ်ပါလိမ့်မယ်။” လို့ မှတ်ချက်ပေး ပြောဆိုလိုက်ပါတယ်။

အသက် (၂၂)နှစ်အရွယ် ဘယ်တောင်ပံ ကစားသမားလေး နီကို ဝီလီယံစ်ဟာ စပိန်နဲ့ ဘီလ်အာအိုအသင်းတို့ရဲ့ အဓိက ကစားသမားတစ်ဦး ဖြစ်နေတဲ့အပြင် သူ့ကိုလည်း ဘာစီလိုနာ အာဆင်နယ် လီဗာပူးလ် ချယ်လလ်ဆီးတို့က ခေါ်ယူသွားချင်နေပြီး လက်ရှိမှာတော့ ဝီလီယံစ်က ဘာစီလိုနာအသင်းဆီ ရောက်ရှိဖို့ နီးစပ်လျက် ရှိနေပါတယ်။