ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်နဲ့ အင်္ဂလန်တို့ရဲ့ ထာဝရ သွင်းဂိုးအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသလို လိဂ်ဝမ်းကလပ် ဒါဘီကိုလည်း ကိုင်တွယ်နေတဲ့ ဝိန်းရွန်းနီကတော့ သူဟာ ဒါဘီရဲ့ မပြောင်းလဲတဲ့ အခြေအနေကြောင့် အသင်းကနေ ထွက်ခွာခဲ့ရကြောင်း ပရိသတ်တွေကို အသိပေးသွားခဲ့ပါတယ်။

ဝိန်းရွန်းနီက ကစားသမား ဘဝကနေ အနားယူပြီးနောက် ချန်ပီယံရှစ်ကလပ် ဒါဘီရဲ့ နည်းပြချုပ် အဖြစ် တာဝန်ယူ ဆောင်ရွက်ခဲ့သလို သူ့ရဲ့ လက်ထက်မှာလည်း ဒါဘီရဲ့ ရလဒ်တွေဟာ သိသိသာသာ တိုးတက် ကောင်းမွန်လာခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ရွန်းနီရဲ့ ဒါဘီက ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ခြင်း မရှိတာကြောင့် အင်္ဂလန် ဘောလုံးအဖွဲ့ချုပ် အက်ဖ်အေရဲ့ ရမှတ်လျှော့ ပြစ်ဒဏ်ကို ချမှတ်ခံခဲ့ရပြီး အဆိုပါပြစ်ဒဏ်ကြောင့်ပဲ ယခုနှစ်မှာ ဒါဘီက ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းဆီ တန်းဆင်းခဲ့ရပါတယ်။

ချန်ပီယံရှစ်ကနေ လိဂ်ဝမ်းဆီ တန်းဆင်းခဲ့ရပေမယ့် ရွန်းနီကတော့ ဒါဘီကသာ သင့်လျော်တဲ့ အသင်းပိုင်ရှင် တဦးရဲ့ လက်အောက်ကို ရောက်သွားခဲ့ရင် သူ့အနေနဲ့ အသင်းကို ချန်ပီယံရှစ်ပြိုင်ပွဲဆီ ပြန်ပို့ပေးမယ်လို့ ပရိသတ်တွေကို ကတိပေးခဲ့သလို တကယ်တမ်းမှာလည်း ရွန်းနီက ဒါဘီရဲ့ နည်းပြအဖြစ် ယနေ့အချိန် အထိ ဆက်လက် တာဝန်ယူခဲ့ပါတယ်။

Photo Credit: Express

ဒါပေမယ့် ဒါဘီရဲ့ အသင်းရောင်းချရေး စီမံကိန်းက မအောင်မြင်ခဲ့တာကြောင့် ဒါဘီအနေနဲ့ ကြုံတွေ့နေရတဲ့ ဘဏ္ဍာရေး အကြပ်အတည်းကို ဖြေရှင်းနိုင်ဖို့ မလွယ်တော့ပဲ ရွန်းနီကလည်း အသင်းပိုင်ရှင်သစ် တဦးရဲ့ လက်အောက်မှာသာ ဒါဘီရဲ့ နည်းပြအဖြစ် တာဝန်ယူချင်တာကြောင့် ယနေ့မှာပဲ ဒါဘီနဲ့ လမ်းခွဲလိုက်ပါတယ်။

ဒါဘီကနေ ထွက်ခွာလာကြောင်းကို ရွန်းနီက – “ကျွန်တော့်အတွက် ဒါဘီကို စွန့်ခွာရမယ့် အချိန်တခု ရောက်လာခဲ့ပါပြီ။ အသင်းဘက်က ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်ကို ပြောင်းလဲနိုင်ဖို့ အစွမ်းကုန် ကြိုးစားခဲ့ပေမယ့် ကျွန်တော်ကတော့ မှန်းထားတဲ့အတိုင်း မဖြစ်လာလို့ အသင်းကနေ ထွက်ခွာဖို့ပဲ ဆုံးဖြတ်ခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။