မန်ချက်စတာယူနိုက်တက်အသင်းရဲ့ နောက်ခံကစားသမားဟောင်းကြီး မီခယ်လ်ဆီဗက်စတာက သူရဲ့ယူနိုက်တက်အသင်းဖော်ဟောင်း လက်ရှိ ဒါဘီကောင်တီအသင်းနည်းပြဖြစ်တဲ့ ဝိန်းရွန်နီအနေနဲ့ အဲဗာတန်အသင်းရဲ့ နည်းပြရာထူးကို ရယူသွားဖို့အတွက် အဆင်သင့် ဖြစ်နေဦးမှာ မဟုတ်ပဲ ဒါဘီအသင်းမှာသာ သူရဲ့နည်းပြဘဝကို ဆက်လက်ဖြတ်သန်းရင်း အချိန်ယူသင့်တယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။
Photo Credit : Daily Mail
အဲဗာတန်အသင်းဟာ နည်းပြရာဖာဘင်နီတက်ဇ်ကို အသင်းနည်းပြ ရာထူးကနေ ထုတ်ပယ်ခဲ့ပြီးနောက် လစ်လပ်သွားတဲ့ နည်းပြနေရာအတွက် တိုက်စစ်ကစားသမားဟောင်း ရွန်နီအပါအဝင် ဆိုးလ်ရှား လမ်းပတ် ဂရေဟမ်ပေါ်တာ အစရှိတဲ့ နည်းပြတွေနဲ့ သတင်းတွေ ထွက်ပေါ်ခဲ့သလို ဂျိုဆေးမော်ရင်ဟိုနဲ့ပါ သတင်းထွက်ခဲ့ပါတယ်။ ဒီလို အဲဗာတန်အသင်း နည်းပြစာရင်းထဲမှာ ပါဝင်လာခဲ့တဲ့ ရွန်နီအနေနဲ့ လက်ရှိအချိန်မှာ အဲဗာတန်အသင်းရဲ့ အမြဲတမ်းနည်းပြ ရာထူးကို တာဝန်မယူသင့်သေးပဲ လက်ရှိ သူရဲ့ကလပ်မှာပဲ အချိန်အတိုင်းအတာတစ်ခုထိ ဆက်လက်တာဝန်ယူပြီးမှ တကယ့်ကို စိန်ခေါ်မှုတွေ များပြားတဲ့ နေရာကို တတ်လှမ်းလာသင့်တယ်လို့ အသင်းဖော်ဟောင်း ဆီဗက်စတာက တိုက်တွန်းပြောဆိုလိုက်ပါတယ်။
Photo Credit : Daily Mail
ရွန်နီနဲ့ပတ်သက်ပြီး ဆီဗက်စတာက “ရွန်နီက အဲဗာတန်အသင်း နည်းပြရာထူးအတွက် အဆင်သင့် မဖြစ်သေးပါဘူး။ နည်းပြတစ်ယောက်အနေနဲ့ ပိုမို တိုးတတ်လာဖို့အတွက် သူ့မှာ အချိန်လိုနေပါသေးတယ်။ ဒီလိုအခွင့်အရေးတွေက ဘယ်တော့မှ ပြန်မရနိုင်တာမျိုး ဆိုပေမယ့်လည်း သူ့ကိုယ်သူ အချိန်ပိုပေးသင့်ပြီး စဉ်းစားတွေးတောရပါလိမ့်မယ်။ ဒါပေမယ့် ဒါဟာ နည်းပြတစ်ဦးအတွက် စောစောစီးစီးပဲ ရှိပါသေးတယ်။ ဒါဘီမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခြေအနေတွေနဲ့တောင် သူ အကောင်းဆုံးဖြစ်အောင် လုပ်ဆောင်ထားနိုင်တယ်။ သူ့ကို ကျွန်တော် အကြံပေးချင်တာကတော့ သူရဲ့ ကျွမ်းကျင်မှုကို ဆက်လက်လေ့လာပြီး စိန်ခေါ်မှုတွေများတဲ့ နည်းပြထိုင်ခုံ တစ်ခုကို မရွေးချယ်ခင် သူ့ကိုယ်သူ ပိုလေ့လာသင့်တယ် ဆိုတာပါပဲ။ သူက အရမ်းကို ငယ်ရွှယ်သေးတဲ့ နည်းပြတစ်ယောက် ဖြစ်ပြီးတော့ ဘောလုံးကစားထားခဲ့တာကလည်း သိပ်မကြာသေးပါဘူး။ သူသာ အခုပုံစံလေးအတိုင်း သူရဲ့ နည်းပြအလုပ်ကို အကောင်းဆုံး ဆောင်ရွှက်နေမယ်ဆိုရင် အနာဂတ်မှာ ဒီလို နည်းပြရာထူးမျိုးတွေက သူ့အတွက် ထပ်ပေါ်လာဦးမှာပဲ။ ဘာကြောင့်လဲဆိုတော့ သူ့နာမည်က ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ တကယ့်ကို ထင်ရှားခဲ့လို့ပါ” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။