MySport Myanmar

အသင်းဟောင်း ဒီစီယူနိုက်တက်ဆီကို နည်းပြရာထူးနဲ့ ပြန်သွားဖွယ်ရှိနေတဲ့ ရွန်နီ

မကြာသေးခင်ကမှ ဒါဘီကောင်တီအသင်းရဲ့ နည်းပြရာထူးကနေ နုတ်ထွက်ခဲ့တဲ့ နည်းပြဝိန်းရွန်နီကို သူရဲ့ ကလပ်အသင်းဟောင်း တစ်သင်းဖြစ်တဲ့ အမေရိကန် မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းကနေ အသင်းရဲ့ နည်းပြသစ်အဖြစ် ခန့်အပ်သွားဖို့အတွက် စဉ်းစားလျက် ရှိနေတယ်လို့ သိရှိရပါတယ်။

Photo Credit : Daily Mail

အသက်(၃၆)နှစ်အရွယ်ရှိ မန်ချက်စတာယူနိုက်တက်နဲ့ အင်္ဂလန်လက်ရွေးစင် ကစားသမားဟောင်းကြီး ရွန်နီဟာ သူရဲ့ကစားသမားဘဝ နောက်ဆုံးအချိန်မှာ ပါဝင်ကစားခဲ့တဲ့ ဒါဘီကောင်တီအသင်းမှာ ကစားသမားဘဝကို အဆုံးသတ်ခဲ့ပြီး ဒါဘီနည်းပြအဖြစ် နည်းပြနယ်ပယ်ထဲကို ချက်ချင်းဝင်ရောက်ခဲ့ပါတယ်။ ရွန်နီဟာ ဒါဘီနည်းပြအဖြစ် တစ်နှစ်ကျော်နီးပါးလောက်အထိ ဆောင်ရွက်ခဲ့ပြီး အသင်းကို အကောင်းဆုံး ကိုင်တွယ်နိုင်ခဲ့ပေမယ့်လည်း ဒါဘီအသင်း ဘဏ္ဍာရေး အခြေအနေတွေကြောင့် ရမှတ်တွေ လျှော့ချခံရပြီး ရာသီကုန်မှာတော့ ချန်ပီယရှစ်ကနေ လိဂ်ဝမ်းအထိ တန်းဆင်းသွားခဲ့ရသလို အသင်းရဲ့ မရေရာတော့တဲ့ အနာဂတ် အခြေအနေတွေကြောင့် နောက်ဆုံးမှာ ရွန်နီလည်း ဒါဘီနဲ့ လမ်းခွဲဖို့ကို ဆုံးဖြတ်လိုက်ရပါတယ်။

Photo Credit : Daily Mail

လက်ရှိမှာ အသင်းလက်မဲ့ ဖြစ်နေတဲ့ ရွန်နီကို သူ့အသင်းဟောင်းဖြစ်တဲ့ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းက အသင်းနည်းပြသစ်အဖြစ်နဲ့ ခန့်အပ်သွားဖို့ စဉ်းစားလျက် ရှိနေပါတယ်။ ဝါရှင်တန်ဒီစီမြို့ အခြေစိုက် ဒီစီယူနိုက်တက်အသင်းဟာ ၂၀၁၈ခုနှစ်တုန်းက ရွန်နီကို (၃)နှစ်ခွဲစာချုပ်နဲ့ ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ရွန်နီက ဒီစီအသင်းအတွက် (၂)ရာသီ ကစားပေးခဲ့ကာ (၅၂)ပွဲအတွင်း (၂၅)ဂိုးအထိ သွင်းယူနိုင်ခဲ့ပါတယ်။ လက်ရှိမှာ ဒီစီယူနိုက်တက်အသင်းက အသင်းနည်းပြ ဟာနန်လော့စ်ဆာကို ပြီးခဲ့တဲ့ ဧပြီလကတည်းက အသင်းကနေ ထုတ်ပယ်ထားခဲ့တာဖြစ်ပြီး ယာယီနည်းပြ ချတ်ဒ်အက်ရှ်တန်နဲ့ လက်ရှိဘောလုံးရာသီကို ဆက်လက်ဖြတ်သန်းနေတာဖြစ်ကာ ရလဒ်တွေ အတော်လေးဆိုးရွှားနေတာကြောင့် အမှတ်ပေးဇယားနောက်နားထိပါ ရောက်ရှိနေရပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဒီစီအသင်းက နည်းပြသစ်တစ်ဦးကို ခန့်အပ်သွားဖို့ စီစဉ်လာခဲ့ရာ အသင်းရဲ့ ကစားသမားဟောင်းကြီး ဝိန်းရွန်နီကိုပါ ပစ်မှတ်ထားလို့နေပြီး ရွန်နီကိုယ်တိုင်ကလည်း ဘောလုံးနယ်ပယ်နဲ့ အရမ်းအလှမ်းဝေးတာမျိုး မဖြစ်ချင်သလို သူရဲ့နည်းပြ အရည်အသွေးကိုပါ ဆက်လက်ထိန်းသိမ်းနိုင်ဖို့အတွက် ဒီစီယူနိုက်တက်အသင်းကို ကိုင်တွယ်သွားဖွယ် ရှိနေပါတယ်။

Exit mobile version