MySport Myanmar

ဝိန်းရွန်နီကို အသင်းရဲ့ နည်းပြအသစ်အဖြစ် ခန့်အပ်သွားချင်နေတဲ့ ဘန်လေ

အသင်းနဲ့ ကာလရှည်ကြာ လက်တွဲခဲ့သူ နည်းပြကြီး ရှောင်ဒိုက်နဲ့ ရုတ်တရက် လက်တွဲဖြုတ်ခဲ့တဲ့ ဘန်လေအသင်းဟာ လက်ရှိမှာ အသင်းရဲ့ ယာယီနည်းပြအဖြစ် ယူ-၂၃နည်းပြ မိုက်ခ်ဂျက်ဆင်ကို တာဝန်ပေးအပ်ထားပေမယ့်လည်း ဒါဘီကောင်တီအသင်းကို ကိုင်တွယ်နေတဲ့ အင်္ဂလန် ထိပ်တန်းကစားသမားဟောင်းကြီး ဝိန်းရွန်နီကိုသာ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Football365

ဒီရာသီမှာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းသွားရနိုင်တဲ့ အခြေအနေမျိုးနဲ့ ရင်ဆိုင်နေရတဲ့ ဘန်လေအသင်းဟာ ပြီးခဲ့တဲ့ ဧပြီ(၁၅)ရက်နေ့မှာပဲ အသင်းနဲ့ ဆယ်စုနှစ်တစ်ခုကြာ လက်တွဲခဲ့ပြီး အသင်းကိုလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီ ပို့ဆောင်ပေးခဲ့တဲ့ နည်းပြရှောင်ဒိုက်နဲ့ လမ်းခွဲခဲ့ပါတယ်။ ရှောင်ဒိုက်ရဲ့နေရာမှာ ဘန်လေယူ-၂၃အသင်းနည်းပြ ဂျက်ဆင်က ယာယီနည်းပြအဖြစ် တာဝန်ယူလျက် ရှိနေရာ လက်ရှိအချိန်ထိ အသင်းက (၃)ပွဲဆက်တိုက် ရှုံးပွဲမရှိအောင် စွမ်းဆောင်ထားနိုင်သလို အသင်းကပါ တန်းဆင်းဇုန်ထဲကနေ အနည်းငယ် လွတ်မြောက်ထားနိုင်တဲ့ အခြေအနေထိပါ ရောက်နေရပါတယ်။

Photo Credit : Daily Mail

ဒါပေမယ့် ဘန်လေအသင်းရဲ့ ဥက္ကဌကတော့ မန်ချက်စတာယူနိုက်တက်အသင်း တိုက်စစ်မှူးဟောင်းကြီးဖြစ်တဲ့ ဝိန်းရွန်နီကိုသာ အသင်းရဲ့ အမြဲတမ်းနည်းပြအဖြစ် ခန့်အပ်သွားချင်နေသလို တကယ်လို့ ဘန်လေအသင်းသာ ပရီးမီးယားလိဂ်ကနေ တန်းဆင်းခဲ့ရမယ်ဆိုရင်တောင် ရွန်နီကို နည်းပြအဖြစ် ခန့်အပ်သွားမယ့် ကိစ္စရပ်ကို ဆက်လက်လုပ်ဆောင်သွားဦးမှာလို့ သိရပါတယ်။ လတ်တလောမှာတော့ ဘန်လေအသင်းရဲ့ နည်းပြရာထူးအတွက် မစ်ဒယ်ဘရော့နည်းပြ ခရစ္စဝိုင်ဒါ ဆန်းဒါးလန်းနည်းပြ အဲလက်စ်နေးလ်နဲ့ အသင်းလက်မဲ့ ဖြစ်လို့နေတဲ့ ဝါရင့်နည်းပြကြီး ဆမ်အလာဒိုက်တို့ ရေပန်းစားလျက် ရှိနေရာ ဒါဘီအသင်းနဲ့ လိဂ်ဝမ်းထိ ရောက်ရှိတော့မယ့် ရွန်နီပါ ဘန်လေနဲ့ ရုတ်တရက် သတင်းထွက်လာခဲ့ရပါတယ်။ ရွန်နီဟာ ဒါဘီကောင်တီအသင်းကို လိဂ်ဝမ်းပြိုင်ပွဲထိ ကိုင်တွယ်သွားဖို့ ဆန္ဒရှိနေပေမယ့်လည်း အသင်းမှာ ပိုင်ရှင်တစ်ဦး မဖြစ်မနေ လိုအပ်နေရပြီး ဒီအခြေအနေမှာ ရွန်နီရဲ့ အနာဂတ်ဟာလည်း မရေမရာ ဖြစ်နေရပါတယ်။ ဒါ့အပြင် ရွန်နီကိုယ်တိုင်က ပရီးမီးယားလိဂ် ကလပ်အသင်း တစ်သင်းသင်းကို ကိုင်တွယ်ချင်နေတာဖြစ်လို့ ဘန်လေသာ ပရီးမီးယားလိဂ်မှာ ဆက်လက်ကျန်ရစ်ခဲ့မယ်ဆိုရင် ရွန်နီကို ဘန်လေရဲ့နည်းပြသစ်အဖြစ် မြင်တွေ့လာရနိုင်ပါတယ်။

Exit mobile version