MySport Myanmar

လမ်းပတ်ကို ထုတ်ပယ်ဖြစ်ရင် ရွန်းနီနဲ့ ပြန်လည် အစားထိုးသွားမယ့် အဲဗာတန်

အဲဗာတန်အသင်းဟာ သူတို့အသင်းရဲ့ နည်းပြဖြစ်သူ ဖရန့်လမ်းပတ်ကိုသာ အသင်းနည်းပြရာထူးကနေ ထုတ်ပယ်ဖြစ်လိုက်မယ်ဆိုရင် အသင်းရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်သူ ဝိန်းရွန်းနီကို နည်းပြသစ်အဖြစ် အစားထိုး ခန့်အပ်သွားလိမ့်မယ်လို့ talkSPORT ကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Football365

လမ်းပတ်ရဲ့ အဲဗာတန်အသင်း အီတီဟတ်မှာ မန်စီးတီးကို သရေရအောင် ကစားထားနိုင်ခဲ့ပေမယ့်လည်း အသင်းက ပွဲစဉ်(၁၄)ကတည်းကနေ ပွဲစဉ်(၁၉)ထိ လုံးဝ နိုင်ပွဲမရှိထားခဲ့သလို ပရီးမီးယားလိဂ် ပွဲစဉ်မှာဆိုရင်လည်း ဂွတ်ဒီဆင်ပတ်ခ်မှာပါ ဘရိုက်တန်အသင်းကို (၁)ဂိုး (၄)ဂိုးနဲ့ပါ အပြတ်အသတ် ရှုံးနိမ့်ခဲ့ရပါတယ်။ ဒီရှုံးပွဲကြောင့် အဲဗာတန်အသင်း တာဝန်ရှိသူတွေက နည်းပြလမ်းပတ်ကို အသင်းက ထုတ်ပယ်ဖို့အထိပါ ပြင်ဆင်လာခဲ့ပြီး လာမယ့် weekend အတွင်း မန်ချက်စတာယူနိုက်တက်အသင်းနဲ့ ရင်ဆိုင်ရမယ့် အက်အေဖလားပွဲမှာပါ ရလဒ်ထပ်ဆိုးမယ်ဆိုရင် လမ်းပတ်ကို လုံးဝ ထုတ်ပယ်သွားဖွယ် ရှိနေပါတယ်။

Photo Credit : The Telegraph

ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် ဒါဘီကောင်တီ ချယ်လ်ဆီးတို့မှာ နည်းပြအဖြစ် လုပ်ဆောင်ခဲ့တဲ့ လမ်းပတ်ဟာ ၂၀၂၂ခုနှစ် နှစ်အစပိုင်းမှာပဲ အဲဗာတန်နည်းပြအဖြစ် ခန့်အပ်ခံခဲ့ရပြီး အသင်းကို တန်းမဆင်းရအောင် စွမ်းဆောင်ပေးနိုင်ခဲ့ပေမယ့်လည်း လက်ရှိမှာတော့ အသင်းက ရလဒ်တွေ ပြန်လည် ဆိုးရွှားနေတာကြောင့် အဆင့်(၁၉)နေရာထိပါ ရောက်ရှိနေရပါတယ်။ ဒါကြောင့် အဲဗာတန်အသင်းဘက်က နည်းပြအပြောင်းအလဲ လုပ်ဆောင်သွားဖို့ စဉ်းစားလာခဲ့ပြီး တကယ်လို့ လမ်းပတ်ကိုသာ ထုတ်ပယ်လိုက်ပြီဆိုရင် သူ့နေရာမှာ ပြန်အစားထိုးဖို့အတွက် အသင်းရဲ့ ကစားသမားဟောင်းကြီး ရွန်နီကို မျက်စိကျနေပါတယ်။ လက်ရှိမှာ မေဂျာလိဂ်ကလပ် ဒီစီယူနိုက်တက်အသင်းရဲ့ နည်းပြအဖြစ် ဆောင်ရွှက်နေတဲ့ ရွန်နီဟာ အသင်းဟောင်း ဒါဘီကနေ ထွက်ခွာပြီးနောက် သူ့ကို အဲဗာတန်အသင်းက ကမ်းလှမ်းမှု ပြုလုပ်ခဲ့တယ်လို့ ရွန်နီကိုယ်တိုင် ပြောဆိုထားခဲ့ဖူးပြီး အခုလည်း လမ်းပတ်သာ ထုတ်ပယ်ခံရမယ်ဆိုရင် ရွန်နီကို နောက်တစ်ကြိမ် ကမ်းလှမ်းလာနိုင်ပါတယ်။ လက်ရှိမှာ ရွန်နီဟာ ဒီစီယူနိုက်တက်အသင်းနဲ့ လာမယ့် ဘောလုံးရာသီသစ်ကို ဖေဖော်ဝါရီလကုန်မှသာ စတင် ကိုင်တွယ်ရမှာဖြစ်ပေမယ့် ဒီစီနဲ့ လက်တွဲထားတာက လပိုင်းသာ ရှိနေသေးတာကြောင့် ဒီတစ်ကြိမ်မှာလည်း အဲဗာတန်ရဲ့ ကမ်းလှမ်းချက်ကို ရွန်နီ ပယ်ချနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါလိမ့်မယ်။

Exit mobile version