မန်ချက်စတာ ယူနိုက်တက် အသင်းနဲ့ အင်္ဂလန် လက်ရွေးစင် အသင်းတို့ရဲ့ ဂိုးသွင်း အများဆုံး ကစားသမား အဖြစ် မှတ်တမ်း ဝင်ထားကာ လက်ရှိ အချိန်မှာ ချန်ပီယံရှစ် ကလပ် ဒါဘီအသင်းမှာ ကစားသမား + နည်းပြအဖြစ် တာဝန်ယူထားတဲ့ ဝိန်းရွန်းနီဟာ ယခုတစ်ပတ် မှာတော့ သူ့ရဲ့ နည်းပြဘဝ ပထမဦးဆုံး ပွဲစဉ်ကို စတင် ကိုင်တွယ် ရတော့မှာပဲ ဖြစ်ပါတယ်။ အသက် ၃၅နှစ် အရွယ် ရှိနေပြီ ဖြစ်တဲ့ ရွန်းနီဟာ ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ ဒါဘီအသင်းထံ ရောက်ရှိလာသူ ဖြစ်ပြီး ကွင်းလယ် ကစားသမား တစ်ဦးအဖြစ် ကစားသလို နည်းပြ ကွတ်ချူးရဲ့ လက်အောက်မှာလည်း နည်းပြအဖွဲ့ဝင် တစ်ဦးအဖြစ် တာဝန် ထမ်းဆောင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဒါဘီအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ရလဒ်ဆိုးတွေနဲ့ ဆက်တိုက်ဆိုသလို ရင်ဆိုင်နေရပြီး ချန်ပီယံရှစ် ပြိုင်ပွဲမှာ ၁၃ပွဲ ကစားခဲ့ရာ ၁ပွဲသာ အနိုင်ရခဲ့ကာ ၃ပွဲ သရေကျခဲ့ပြီး ၉ပွဲအထိ ရှုံးနိမ့်ခဲ့တာကြောင့် အမှတ်ပေးဇယားရဲ့ အောက်ဆုံးကို ရောက်ရှိနေပါတယ်။ ဒါ့ကြောင့်ပဲ ဒါဘီအသင်းဟာ ပြီးခဲ့တဲ့ ရက်သတ္တပတ် အတွင်းမှာ အသင်းရဲ့ နည်းပြဖြစ်သူ ကွတ်ချူးကို ရာထူးကနေ ထုတ်ပယ်ခဲ့ပြီး ဝိန်းရွန်းနီ ပါဝင်တဲ့ နည်းပြလေးဦးအဖွဲ့ကို အသင်းအား စုပေါင်းကာ ကိုင်တွယ်ဖို့ ယာယီ တာဝန်ပေးခဲ့ပါတယ်။ ဒါပေမယ့် ပြီးခဲ့တဲ့ ရက်အနည်းငယ် အတွင်း ကစားခဲ့တဲ့ ပွဲစဉ်တွေမှာတော့ ဒါဘီအသင်းဟာ ရလဒ်တွေ မကောင်းခဲ့တာကြောင့် လက်ရှိမှာတော့ ဝိန်းရွန်းနီဟာ ဒါဘီအသင်းရဲ့ တရားဝင် ယာယီနည်းပြ ဖြစ်လာခဲ့ပါတယ်။

Photo Credit: Sky Sports

နည်းပြဘဝ ပထမဦးဆုံး အိမ်ကွင်းပွဲစဉ်နဲ့ ပတ်သတ်ပြီး ဝိန်းရွန်းနီက “ ပြီးခဲ့တဲ့ ပွဲစဉ် နှစ်ပွဲစလုံးမှာ ကျွန်တော်တို့ လေးယောက်စလုံးဟာ အတူတူ အလုပ်လုပ်ခဲ့ကြတယ် ၊ အသင်းကို ပြင်ဆင်တယ် ၊ အသင်းရဲ့ လူစာရင်းကို ရွေးချယ်ခဲ့ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ဟာ အသင်းအတွက် ဆုံးဖြတ်ချက်တွေကို ချမှတ်ဖို့ လူတစ်ယောက်ကို လိုတယ်လို့ ခံစားခဲ့ကြရပါတယ်။ အသင်းရဲ့ လူစာရင်းကို တစ်ယောက်ထဲက ဆုံးဖြတ်မယ်။ ဘယ်သူတွေကို လူစားလဲရမလဲ ဆိုတာကို တစ်ယောက်ထဲကပဲ ဆုံးဖြတ်ပါမယ်။ ဒီအတွက် ကျွန်တော်တို့ အားလုံးက ကျွန်တော်ဟာ အဲ့ဒီနေရာအတွက် အသင့်တော်ဆုံး လူတစ်ဦး ဖြစ်တယ်လို့ ထင်မြင်ခဲ့ကြပါတယ်။ ဒါက ကျွန်တော့်ကို အတော်လေး စိတ်လှုပ်ရှားစေပါတယ်။ အသင်းကို စီမံခန့်ခွဲရတဲ့ အလုပ်ဟာ ကျွန်တော် အမြဲတမ်း လုပ်ချင်ခဲ့တဲ့ အလုပ်တစ်ခုပါ” လို့ ပြောဆို သွားကြပါတယ်။