မန်ချက်စတာယူနိုက်တက် အဲဗာတန်အသင်းတို့ရဲ့ ကစားသမားဟောင်းတစ်ဦးဖြစ်ပြီး လက်ရှိ ချန်ပီယံရှစ်ကလပ် ဒါဘီကောင်တီအသင်းကို ကိုင်တွယ်လျက်ရှိနေတဲ့ ဝိန်းရွန်နီဟာ လက်ရှိ အင်္ဂလန်အသင်းရဲ့ အဓိက တိုက်စစ်ကစားသမား ဟာရီကိန်းအနေနဲ့ လတ်တလော ကာလအတွင်း လက်ရွေးစင်အသင်းအတွက်ရော ကလပ်အသင်းအတွက်ပါ ဂိုးပေါက်ပျောက်ဆုံးနေရပေမယ့် ဒီလို ဂိုးပေါက်ပျောက်နေမှုကို မကြာခင်မှာပဲ အဆုံးသတ်သွားနိုင်တော့မယ်လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Sun

အသက်(၂၈)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဟာရီကိန်းက ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ကလပ် စပါးအသင်းအတွက် ပရီးမီးယားလိဂ်သွင်းဂိုး တစ်ဂိုးမှ မသွင်းယူထားနိုင်သေးသလို အင်္ဂလန်အသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအတွင်းမှာလည်း ဂိုးရဖို့ ရုန်းကန်ခဲ့ရလို့ ပွဲမပြီးခင်မှာပဲ လူစားလဲပါ ခံလိုက်ရပါသေးတယ်။ ဟာရီကိန်းဟာ ဒီနှစ်ဘောလုံးရာသီအတွင်း စပါးအသင်းအတွက် ယူရိုပါကွန်းဖရန့်စ်လိဂ်နဲ့ လိဂ်ဖလားပြိုင်ပွဲတွေမှာသာ သွင်းဂိုးတွေ သွင်းယူထားနိုင်တာဖြစ်ပေမယ့် ပရီးမီးယားလိဂ်မှာ သွင်းဂိုးစတင် သွင်းယူနိုင်ဖို့က ရုန်းကန်လို့ နေရပါတယ်။

Photo Credit : The Sun

ဒါပေမယ့် ဟာရီကိန်းက အခုလို အခြေအနေမျိုးကနေ မကြာခင်မှာပဲ လွတ်မြောက်လာနိုင်လိမ့်မယ်လို့ ကိန်းရဲ့စီနီယာကစားသမား ရွန်နီက ပြောဆိုလာခဲ့ပါတယ်။ ရွန်နီက “ဟာရီကိန်းက ကမ္ဘာပေါ်ရှိတဲ့ တိုက်စစ်ကစားသမားတွေထဲကမှ အကောင်းဆုံးတစ်ယောက်ပါ။ ဒါပေမယ့်လည်း ဒီလို ကစားသမားက ဂိုးတွေမသွင်းယူနိုင်တော့ဘူးဆိုရင် လူတွေက သူတို့ရဲ့ ထင်မြင်ယူဆချက်တွေကို ထုတ်ပြောလာကြမှာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော် ရိုးရိုးသားသား ပြောရမယ်ဆိုရင်တော့ ဒီအပြုအမှုတွေက အနည်းငယ်တော့ လွန်တယ်လို့ပဲ ထင်မိပါတယ်။ ဘာကြောင့်ခဲဆိုတော့ သူ အင်္ဂလန်အတွက် ဂိုးမသွင်းနိုင်တဲ့ ပွဲအရေအတွက်က အနည်းငယ်လောက်ပဲလေ။ စပါးအသင်းအတွက်လည်း ပရီးမီးယားလိဂ်ဘက်မှာ မဟုတ်တောင်မှ တခြားပွဲတွေမှာ သွင်းဂုုိးအနည်းငယ်လောက်ကို သွင်းယူထားသေးတယ်လေ။ ဒါပေမယ့် ကိန်းက ဒီလို ခက်ခဲတဲ့ ကာလမျိုးကို အကောင်းဆုံး ကျော်ဖြတ်နိုင်မယ့် ကစားသမားမျိုးပါ။ တိုက်စစ်ကစားသမားတိုင်းက သွင်းဂိုး မရယူနိုင်ဘူးဆိုရင် ဒီလိုကာလမျိုးကို ကျော်ဖြတ်ရတတ်တာပဲလေ။ ကိန်းအနေနဲ့ ပရီးမီးယားလိဂ်မှာ သူရဲ့ပထမဆုံးဂိုးကို သွင်းယူနိုင်ပြီးတာနဲ့ ပုံမှန်သွင်းဂိုးတွေကိုလည်း ပြန်မြင်တွေ့ရပါလိမ့်မယ်” လို့ သုံးသပ်ပြောဆိုလိုက်ပါတယ်။