ဂျာမန် ဘွန်ဒက်လီဂါ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ဒေါ့မွန်ရဲ့ စီအီးအို ဖြစ်သူ ဝေါ့ဇ်ကီကတော့ သူတို့အသင်းဟာ ယခုရက်ပိုင်းအတွင်းမှာ သတင်းတွေ ထွက်ပေါ်နေသလိုမျိုး မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်မဝင်စားကြောင်း တရားဝင် ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုက ချန်ပီယံလိဂ်ပြိုင်ပွဲမှာ ဝင်ရောက် ကစားချင်တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ မန်ချက်စတာ ယူနိုက်တက်ကနေ ထွက်ခွာကာ ချန်ပီယံလိဂ်ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ကစားချင်နေသူပါ။

Photo Credit: Sports Max

လက်ရှိမှာတော့ ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်က ရိုနယ်ဒိုအတွက် အသင်းသစ် တသင်းကို စတင် ရှာဖွေပေးနေပြီး ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ ဒေါ့မွန်နဲ့ ရိုနယ်ဒိုတို့ရဲ့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေ ရှိနေကြောင်း ကောလဟာလ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ဒါပေမယ့် ဒေါ့မွန်ရဲ့ စီအီးအိုဖြစ်သူ ဝေါ့ဇ်ကီက ယနေ့ညနေပိုင်းမှာပဲ သူတို့အသင်းနဲ့ ရိုနယ်ဒိုတို့ရဲ့ အပြောင်းအရွှေ့ သတင်းတွေကို ငြင်းဆန်သွားခဲ့ပြီး သူဟာ ရိုနယ်ဒိုကို သဘောကျပေမယ့် အခုချိန်မှာ ရိုနယ်ဒိုအနေနဲ့ သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ ဘယ်လိုမှ မဖြစ်နိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Sports Max

ဝေါ့ဇ်ကီက – “ကျွန်တော်က ရိုနယ်ဒိုကို သဘောကျပါတယ်။ ပြီးတော့ ကျွန်တော်တို့ရဲ့ Signal Iduna Park ကွင်းကြီးထဲမှာ ရိုနယ်ဒို ကစားတာကို မြင်ယောင်ကြည့်လိုက်ရင် ဒါဟာ ကောင်းမွန်တဲ့ အိုင်ဒီယာ တခု ဆိုတာ သေချာပါတယ်။ ဒါပေမယ့် ကျွန်တော်တို့ကြားမှာ ဘာဆက်သွယ်မှုမှ မရှိပါဘူး။ ဒါကြောင့် ခင်ဗျားတို့တွေက ရိုနယ်ဒိုနဲ့ ကျွန်တော်တို့ရဲ့ အကြောင်းကို ထပ်ပြီး မပြောကြတော့ရင် အကောင်းဆုံး ဖြစ်ပါလိမ့်မယ်” လို့ ပြောကြားသွားခဲ့တာပါ။