အသက်၂၂နှစ်သာရှိသေးတဲ့ ဆီနီဂေါလက်ရွေးစင် လူငယ်တောင်ပံကစားသမားလေး အစ္စမေးလ်ဆားကတော့ သူရဲ့သွင်းဂိုးတွေနဲ့အတူ ဒီရာသီ ပရီးမီးယားလိဂ်မှာ လုံးဝကို ရှံးပွဲမရှိထားသေးတဲ့ လီဗာပူးလ်အသင်းကြီးကို ၃ဂိုးပြတ်နဲ့ အနိုင်ယူခဲ့ပြီး ရှံးပွဲစတင်တွေ့ရှိစေခဲ့ရပါတယ်။ ဒီရာသီမှ ဝက်ဖိုဒ့်ကို ရောက်ရှိလာခဲ့တဲ့ ဒီကစားသမားလေးဟာ ခံစစ်ပိုင်း မာကျောလွန်းလှပါတယ်ဆိုတဲ့ လီဗာပူးလ်ခံစစ်ကို ဖြိုခွင်းနိုင်ခဲ့တဲ့အပြင် သွင်းဂိုးပါ ရယူခဲ့ပြီး တန်းဆင်းဇုန်မှာ ရုန်းကန်နေရတဲ့ ဝက်ဖိုဒ့်အတွက် အရေးတကြီး အနိုင်၃မှတ်ကို ပိုင်ဆိုင်ခဲ့သလို လီဗာပူးလ်လို ရှံးပွဲမရှိသေးတဲ့ အသင်းမျိုးကိုပါ အလှဲထိုးနိုင်ခဲ့ပါတယ်။

Photo Credit : Getty Image

ရန်းစ်ကစားသမားဟောင်း ညာတောင်ပံကစားသမား အစ္စမေးလ်ဆားဟာ ဝက်ဖိုဒ့်အသင်းဆီကို ပြောင်းရွှေ့ကြေးပေါင်းများစွာနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး ရာသီအစမှာတော့ အသင်းနဲ့ အံ့ဝင်ခွင့်ကျဖြစ်ဖို့အတွက် ရုန်းကန်ခဲ့ရကာ ဒီနောက်ပိုင်းမှပဲ အသင်းအတွက် ပုံမှန်ခြေစွမ်းပြလာခဲ့ပြီး လီဗာပူးလ်နဲ့ပွဲစဉ်အပါအဝင် ပရီးမီးယားလိဂ်သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် အစ္စမေးလ်ဆားဟာ လီဗာပူးလ်လို အသင်းကြီးတစ်သင်းကို မရှမလှရှံးအောင် သူ့ဘက်က စွမ်းဆောင်နိုင်ခဲ့ပေမယ့် ဟက်ထရစ်မရလို့ စိတ်ပျက်ခဲ့ရတယ်လို့ ညည်းတွားလာခဲ့ပါတယ်။

Photo Credit : Getty Image

အစ္စမေးလ်ဆားက “ကျွန်တော်တကယ်ပဲ စိတ်ပျက်ခဲ့ရပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီလိုနိုင်ပွဲမှာ ကျွန်တော် ဟက်ထရစ်မရခဲ့လို့ပါပဲ။ ဟက်ထရစ်ရရှိနိုင်ဖို့အတွက် အခွင့်အရေးကြီးတစ်ခုကို ပိုင်ဆိုင်ခဲ့ပေမယ့် လွဲချော်ခဲ့ရတယ်။ လာမယ့်ပွဲတွေအတွင်းမှာလည်း ကျွန်တော်ရဲ့အသင်းအတွက် ရမှတ်တွေပိုင်ဆိုင်နိုင်ဖို့ ထပ်မံကြိုးစာပေးသွားမှာပါ။ အသင်းအတွက်ကိုလည်း အစွမ်းကုန်ကြိုးစားနေလျက်ပါပဲ” လို့ ထုတ်ပြန်ပြောဆိုလာခဲ့ပါတယ်။ ဆားကိုတော့ ဝက်ဖိုဒ့်အသင်းရဲ့နည်းပြ နီဂယ်ပီယာဆန်ကလည်း ချီးမွမ်းသွားခဲ့ပြီး ဒဏ်ရာကနေ ပြန်လည်သက်သာချိန်မှာ ဆားက အသင်းအတွက် ခြေစွမ်းပြန်လည်ပြသနိုင်ခဲ့သလို အရင်ကတည်းကလည်း ဆားဟာ ငယ်ရွှယ်ပြီး အရည်အသွေမြင့်မားတဲ့ လူငယ်ကစားသမားလေးဖြစ်တယ်လို့ မှတ်ချက်ပြုပြောဆိုသွားခဲ့ပါတယ်။ လက်ရှိမှာတော့ ဆားကို အသင်းပေါင်းများစွာကနေ ခေါ်ယူဖို့အတွက် အသည်းအသန် စိတ်ဝင်စားလို့နေပါတယ်။