ပရီးမီးယားလိဂ်ရဲ့ အသင်းတစ်သင်းဖြစ်တဲ့ ဝက်ဖို့ဒ်အသင်းကတော့ သူတို့အသင်းရဲ့ ကစားသမားတစ်ဦးနဲ့ ဝန်ထမ်းနှစ်ဦးတို့ဟာ Covid-19 ဗိုင်းရပ်ပိုး ကူးစက်ခံထားရကြောင်း အတည်ပြု ကြေညာသွားခဲ့ပါတယ်။ ပရီးမီးယားလိဂ်ဟာ Covid-19 ရောဂါကြောင့် ရပ်နားထားရတဲ့ ပြိုင်ပွဲကို ဇွန်လမှာ ပြန်လည် ယှဉ်ပြိုင် ကစားဖို့အတွက် လုပ်ဆောင်နေပြီး ယမန်နေ့ကစတင်ကာ ကလပ်အသင်း၂၀ရဲ့ ကစားသမားတွေ ၊ အသင်းဝန်ထမ်းတွေ ၊ နည်းပြအဖွဲ့မှာ ပါဝင်တဲ့သူတွေကို ဆေးစစ်မှုတွေ စတင် လုပ်ဆောင်ခဲ့ပြီး ကနဦး ဆေးစစ်မှုတွေအရ လူပေါင်း ၇၄၈ဦးကို ဆေးစစ်ခဲ့ရာမှာ ကလပ် အသင်းသုံးသင်းက လူ၆ဦးဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ခံထားရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး အဆိုပါ ၆ဦးထဲမှာ ဝက်ဖို့ဒ်အသင်းက သုံးဦး အထိ ပါဝင်နေခဲ့ပါတယ်။

Photo Credit: Metro.com

ကူးစက်ခံထားရတဲ့ လူ၆ဦးအထဲမှာ ဝက်ဖို့ဒ် အသင်းက ၃ဦး ပါဝင်နေသလို ဘန်လေအသင်းရဲ့ လက်ထောက်နည်းပြ ဖြစ်သူ Ian Woan လည်း Covid-19 ကူးစက်ခံထားရတယ်လို့ သိရပြီး နောက်ထပ် ကူးစက်ခံရတဲ့ လူနှစ်ဦးဟာ ဘယ်အသင်းတွေကလဲဆိုတာ တော့ မသိရှိရသေးပါဘူး။ အင်္ဂလန်အခြေစိုက် သတင်းစာတွေရဲ့ ဖော်ပြချက်အရ လက်ရှိ အချိန်မှာတော့ ဝက်ဖို့ဒ်အသင်းရဲ့ ကစားသမား အများစုဟာ အသင်းလိုက် လေ့ကျင့်ခန်း လုပ်ဆောင်ဖို့ ဆန္ဒမရှိကြပဲ အသင်းခေါင်းဆောင် ဒီနေးကိုယ်တိုင်က လေ့ကျင့်ခန်းဆင်းဖို့ ငြင်းဆန်ခဲ့တယ်လို့ သိရှိရပါတယ်။ ဒီနေးကတော့ သူ့အိမ်မှာ ၅လအရွယ် သူ့ရဲ့သားလေး ရှိတာကြောင့် သားလေးအတွက် အန္တရာယ်ဖြစ်စေမယ့် Covid-19 မကူးစက်စေဖို့ သူ့အနေနဲ့ ကာကွယ်မှုများကို လုပ်သွားမှာ ဖြစ်တယ်လို့ ပြောဆိုထားပါတယ်။

Photo Credit: Metro.com

ကိုရိုနာဗိုင်းရပ် ကူးစက်ခံရတဲ့ အသင်းရဲ့ ဝန်ထမ်းနှစ်ဦး ၊ ကစားသမားတစ်ဦးအကြောင်း ကို ဝက်ဖို့ဒ်အသင်းက ” ပြီးခဲ့တဲ့ ၄၈နာရီအတွင်း လေ့ကျင့်ရေးကွင်းမှာ ပြုလုပ်ခဲ့တဲ့ ဆေးစစ်မှုတွေအရ ကလပ်မှာရှိတဲ့ လူသုံးဦးမှာ Covid-19 ဗိုင်းရပ် ကူးစက်ခံထားရကြောင်း အတည်ပြုပါတယ်။ အဲ့ဒီ လူသုံးဦးဟာ ကစားသမား တစ်ဦးနဲ့ အသင်းဝန်ထမ်းနှစ်ဦးတို့ ဖြစ်ပါတယ်။ အဲ့ဒီ လူသုံးဦးလုံးဟာ ကျန်းမာရေးဝန်ကြီးဌာနက လုပ်ဆောင်နေတဲ့ လိုအပ်တဲ့ လုပ်ဆောင်မှုတွေကို လေးစားလိုက်နာမှုအပြည့်နဲ့ လုပ်ဆောင် နေကြပါတယ်။ ဒါ့ကြောင့် သူတို့ရဲ့ နာမည်တွေကို မကြေညာတော့ပါဘူး။ အခုဆိုရင် အဲ့ဒီလူ သုံးဦးစလုံးဟာ ခုနှစ်ရက်တိတိ သီးသန့်ခွဲပြီး နေရတော့မှာပဲ ဖြစ်ပါတယ်။ အဲ့ဒါပြီးရင်တော့ နောက်ထပ် ဆေးစစ်မှုတွေကို လုပ်ဆောင်နေပါတယ် ” လို့ ထုတ်ပြန်ကြေညာထားတာပါ။