ဘောလုံးသမားတိုင်းက သူတို့လက်ရှိ ပါဝင်ကစားနေတဲ့ ကလပ်အသင်းတွေအတွက် စွမ်းစွမ်းတမံ ကြိုးပမ်းပေးနေကြပေမယ့်လည်း သူတို့ရဲ့အသင်း သူတို့အားပေးတဲ့ ဘောလုံးအသင်းနဲ့ ထပ်တူကျချင်မှသာ ကျနိုင်ပါလိမ့်မယ်။ ဒါကလည်း လူ့သဘာဝပါပဲ။ တချို့ဘောလုံးသမားတွေဆိုရင် လက်ရှိ ပါဝင်ကစားနေတဲ့ ကလပ်အသင်းရဲ့ အခါးသီးဆုံး ပြိုင်ဘက်အသင်းကိုမှ အားပေးခဲ့ဖူးသူ ဖြစ်ခဲ့တာမျိုးတောင် ရှိတတ်ပါသေးတယ်။ ဒါပေမယ့် ပရော်ဖက်ရှင်နယ် ဘောလုံးသမား ဖြစ်လာချိန်မှာတော့ ဘယ်အသင်းကိုပဲ အားပေးခဲ့ပါစေ လက်ရှိ ကိုယ်ပါဝင်နေရတဲ့ ကလပ်အသင်းအတွက်ကိုသာ စိတ်နစ်ထားမှသာ တကယ့်ကို ပရော်ဖက်ရှင်နယ် ပီသတဲ့ ဘောလုံးသမား ဖြစ်နေမှာပါ။

Photo Credit : The Sun

ဒီလိုပဲ ကိုယ်လက်ရှိ ပါဝင်ကစားနေတဲ့ အသင်းနဲ့ အတော်လေး အလှမ်းကွာနေတဲ့ အသင်းတစ်သင်းကို အားပေးခဲ့တာကတော့ ဝက်ဖိုဒ့်တိုက်စစ်မှူး အီမန်နူရယ်ဒန်းနစ်ပါ။ ဒန်းနစ်ကတော့ ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းကို သူငယ်စဉ်ကတည်းကနေ အားပေးလာခဲ့တာဖြစ်ပြီး အသင်းအပေါ်မှာ သူရဲ့အားပေးမှုက သာမန်ပရိသတ်တစ်ဦးထက် ပိုမိုတာကြောင့် အသင်းရှုံးပွဲတွေနဲ့ ရင်ဆိုင်ရချိန်မှာဆို သူကိုယ်တိုင် ငိုကြွေးရတဲ့အထိ ခံစားခဲ့ရတယ်လို့ ဒန်းနစ်က ပြောဆိုထားပါတယ်။

Photo Credit : Goal

အသက်(၂၄)နှစ်အရွှယ် နိုင်ဂျီးရီးယားလက်ရွေးစင် တိုက်စစ်ကစားသမား ဒန်းနစ်က သူဘယ်လောက်ထိ အာဆင်နယ်အသင်းကို အားပေးခဲ့သလဲဆိုတာနဲ့ပတ်သက်ပြီး “ကျွန်တော်က အာဆင်နယ်အသင်းရဲ့ ပရိသတ်တစ်ယောက် ဖြစ်ခဲ့ဖူးတယ်။ ဖာဘရီဂတ်စ်ကိုလည်း ကျွန်တော် အရမ်းသဘောကျခဲ့တာ။ ဒါပေမယ့် ကျွန်တော် အခုတော့ အာဆင်နယ် ပရိသတ်တစ်ယောက် မဟုတ်တော့ပါဘူး။ ကျွန်တောက် အာဆင်နယ်ကို အရမ်းကြီး အားပေးခဲ့တာဖြစ်လို့ အသင်း ရှုံးပွဲတွေ့နဲ့ ရင်ဆိုင်ရချိန်မှာဆိုရင် ကျွန်တော် ငိုကြွေးမိတဲ့အထိကို ဖြစ်ခဲ့ရတယ်။ ဒါက ကျွန်တော့်အတွက် မကောင်းပါဘူး။ ဒီလို စိတ်ခံစားချက်မျိုးတွေနဲ့သာဆိုရင် ကျွန်တော်ရဲ့ ကျန်းမာရေးအတွက်ပါ မကောင်းမှာဆိုတော့ ကိုယ့်ကိုကိုယ် ပြန်ကြည့်ဖို့နဲ့ အာဆင်နယ်အသင်းအပေါ် အာရုံမထားဖို့ ဆုံးဖြတ်လိုက်တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒန်းနစ်ဟာ သူအရမ်းနှစ်သက်ခဲ့ရတဲ့ အာဆင်နယ်အသင်းနဲ့ နောက်ထပ် ပရီးမီးယားလိဂ် ထိပ်တန်းအသင်း မန်ချက်စတာယူနိုက်တက်တို့ရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့ပေမယ့်လည်း ဒန်းနစ်ရဲ့ ကလပ်အသင်းဟောင်းဖြစ်တဲ့ ဘရုဂေးအသင်းက ဒန်းနစ်အတွက် ပြောင်းရွှေ့ကြေး ပေါင်(၂၅)သန်း တောင်းဆိုခဲ့တာကို ကလပ်အသင်းနှစ်သင်းလုံးက ပေးချေဖို့ ဆန္ဒမရှိတဲ့အတွက် ရာသီအကုန်မှာပဲ ဝက်ဖိုဒ့်အသင်းဆီကိုသာ ပြောင်းလာခဲ့ရတာ ဖြစ်ပါတယ်။