ယခုနှစ် ပရီးမီးယားလိဂ် ပြိုင်ပွဲမှာ တန်းဆင်းဇုန် အန္တရာယ်နဲ့ ရင်ဆိုင်နေရတဲ့ ဝက်ဖို့ဒ်ဟာ ရှုံးပွဲတွေနဲ့ ဆက်တိုက် ဆိုသလို ကြုံတွေ့နေရတာကြောင့် မကြာမီကမှ အသင်းရဲ့နည်းပြ အဖြစ် ခန့်အပ်ထားတဲ့ နာမည်ကြီး အီတလီလူမျိုး နည်းပြ ရာရီနေးရီကို ရာထူးကနေ ထုတ်ပယ်ဖို့ စီစဉ်နေကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

လက်စတာကို ပရီးမီးယားလိဂ် ချန်ပီယံဖြစ်အောင် ဦးဆောင် လမ်းပြပေးနိုင်ခဲ့တဲ့ ရာရီနေးရီဟာ ဝက်ဖို့ဒ်ကို ၂၀၂၁ခုနှစ် အောက်တိုဘာလမှ စတင်ကာ တာဝန်ယူ ကိုင်တွယ်ခဲ့ပြီး သူ ရောက်လာချိန်မှာ ဝက်ဖို့ဒ်က တန်းဆင်းဇုန် အန္တရာယ်နဲ့ စတင် ရင်ဆိုင်နေရပါပြီ။

Photo Credit: Sky Sports

ဒါပေမယ့် ရာရီနေးရီကို နည်းပြအဖြစ် ခန့်အပ်ခဲ့တဲ့ ဝက်ဖို့ဒ်ရဲ့ လုပ်ရပ်က အကောင်းထက် အဆိုးတွေသာ ပိုများခဲ့ပြီး ရာရီနေးရီရဲ့ လက်အောက်မှာ ဝက်ဖို့ဒ်ဟာ ၁၄ပွဲ ကစားခဲ့ရာ ၁၁ပွဲ အထိ အရေးနိမ့်ခဲ့သလို နောက်ဆုံး ကစားခဲ့တဲ့ ၁၀ပွဲမှာ ၁ပွဲနိုင် ၁ပွဲသရေ ၈ပွဲရှုံးဆိုတဲ့ မှတ်တမ်းဆိုးကို ပိုင်ဆိုင်ခဲ့ပါတယ်။

ဒါကြောင့်ပဲ ဝက်ဖို့ဒ်ဟာ ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ ၂၀ပွဲ ကစားထားရာ ရမှတ် ၁၄မှတ်သာ ရရှိထားသလို အဆင့်၁၉နေရာ အထိ ရောက်ရှိနေမှုနဲ့အတူ တန်းဆင်းရဖို့ ရေပန်းစားနေပါတယ်။

Photo Credit: Sky Sports

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Mins သတင်းဌာနရဲ့ ဖော်ပြချက်အရတော့ ဝက်ဖို့ဒ် အသင်းပိုင်ရှင် ဂျီနို ပိုဇိုဟာ ရာရီနေးရီကို နည်းပြရာထူး ကနေ ထုတ်ပယ်ဖို့ အဆင်သင့် ပြင်ထားပြီး လာမယ့်တပတ်မှာ ကစားရမယ့် ဘန်လေနဲ့ပွဲမှာ နိုင်ပွဲမရခဲ့ရင် ရာရီနေးရီရဲ့ ဝက်ဖို့ဒ်နည်းပြ ဘဝက အဆုံးသတ်ဖွယ် ရှိကြောင်းလည်း သိရပါတယ်။

လက်စတာနဲ့အတူ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ ရာရီနေးရီကတော့ သူဟာ ရာထူးကနေ ထုတ်ပယ်ခံရဖို့ နီးစပ်နေပေမယ့် နောက်ဆုံးအချိန် အထိ အစွမ်းကုန် ကြိုးစားဖို့ ဆုံးဖြတ်ထားကြောင်း နောဝှစ်ချ်ကို အိမ်ကွင်းမှာ ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ခဲ့ပြီးနောက် ပြောကြားထားပါတယ်။