ပြီးခဲ့တဲ့တစ်ပတ်တုန်းက ဝက်စ်ဟမ်းနဲ့ ကစားခဲ့တဲ့ပွဲစဉ်အတွင်း နိုင်ပွဲရယူနိုင်ဖို့အတွက် ခက်ခက်ခဲခဲ ရုန်းကန်ခဲ့ရတဲ့ လီဗာပူးလ်အသင်းက ဒီတစ််ပတ်မှာတော့ ဝက်စ်ဟမ်းလိုပဲ တန်းဆင်းဇုန်အန္တရာယ်ကနေ ရုန်းထွက်နေရတဲ့ ဝက်ဖိုဒ့်အသင်းနဲ့ အဝေးကွင်းမှာ ရင်ဆိုင်ကစားခဲ့ရပြီး အံ့အားသင့်စရာကောင်းလောက်တဲ့ ဝက်ဖိုဒ့်အသင်းရဲဲ့ တန်းဆင်းဇုန်ရုန်းအားတွေကြောင့် လီဗာပူးလ်ကို ၃ဂိုး ဂိုးမရှိနဲ့ အပြတ်အသတ်ကို အနိုင်ယူပြီး အဖိုးတန်နိုင်ပွဲကို ပိုင်ဆိုင်ခဲ့ပါတယ်။

မကြာခင်မှာပဲ ဒီနှစ်ဘောလုံးရာသီရဲ့ ပရီးမီးယားလိဂ်ချန်ပီယံဖြစ်လာတော့မယ့် လီဗာပူးလ်အသင်းက ၄-၃-၃ ကစားကွက်နဲ့အတူ ဆာလာ မာနေး ဖာမီနို ချိမ်ဘာလိန် ဖာဘင်ဟို ဝိုင်နယ်ဒန် အာနိုး လိုဗရန် ဗန်ဒိုက် ရောဘတ်ဆန် အယ်လီဆန်တို့ကို ထည့်သွင်းအသုံးပြုလာခဲ့ပါတယ်။ တန်းဆင်းဇုန်ကနေ ရုန်းထွက်နေတဲ့ ဝက်ဖိုဒ့်မှာကလည်း ဒီနေး ဒယ်လိုဖူ ဒူကိုရီ အစ္စမိုင်လာဆားလ် အစရှိတဲ့ အဓိက ကစားသမားတွေများစွာနဲ့ လီဗာပူးလ်ကို ရင်ဆိုင်လာခဲ့ပါတယ်။ တကယ်တမ်းလည်း ဝက်ဖိုဒ့်ရုန်းအားတွေက ကြောက်မက်စရာကောင်းလာပြီး လီဗာပူးလ်အသင်း ဘာမှသိပ်မလုပ်နိုင်လောက်အောင်ကို ဖြစ်ခဲ့ရပါတယ်။ ပထမပိုင်းမှာကတည်းက ဂိုးစတင်ရယူနိုင်ဖို့ အခွင့်အရေးတွေရှိခဲ့ပေမယ့် လွဲချော်ခဲ့ရသလို အဓိက ကစားသမား ဒယ်လိုဖူမှာလည်း ဒဏ်ရာကြီးကြီးမားမား ရသွားခဲ့လို့ လူစားလဲခဲ့ရပါသေးတယ်။

ဒယ်လိုဖူလို အသင်းရဲ့အရေးကြီးကစားသမားတစ်ယောက် ဆုံးရှံးသွားရချိန်မှာ ဝက်ဖိုဒ့်တိုက်စစ် အရှိန်ကျသွားမယ်လို့ ထင်ခဲ့ရပေမယ့်လည်း အံ့အားသင့်စရာကောင်းလှအောင်ပဲ တိုက်စစ်ဆင်မှုတွေက ထိရောက်မှုရှိလာခဲ့သလို လီဗာပူးလ်ခံစစ်ကပါ ပြိုလဲသွားခဲ့ရပါတယ်။ ပွဲချိန် ၅၄မိနစ် ၆၀တွေမှာ အစ္စမိုင်လာဆားလ်က ဝက်ဖိုဒ့်အသင်းအတွက် သွင်းဂိုး၂ဂိုးကို ဆက်တိုက်ရယူနိုင်ခဲ့သလို ရ၂မိနစ်မှာလည်း အာနိုးရဲ့အမှားကနေ အသင်းခေါင်းဆောင်ဒီနေးကပါ ဝက်ဖိုဒ့်အတွက် တတိယမြောက်ဂိုးကို ထပ်မံသွင်းယူပေးနိုင်ခဲ့ပါတယ်။ ပွဲပြီးခါနီးလောက်မှာ ဆားလ်ဟက်ထရစ်ရဖို့ အခွင့်အရေးရခဲ့ပေမယ့် အဆုံးသတ်ညံခဲ့လို့ လက်လွတ်ခဲ့ရသလို လီဗာပူးလ်မှာလည်း ဘာမှမလုပ်ဆောင်တော့ပဲ ဒီရာသီရဲ့ ပထမဆုံးသော ပရီးမီးယားလိဂ်ရှံးပွဲကြီးကို မရှမလှနဲ့ ရင်ဆိုင်လိုက်ရပါတယ်။