ပြင်သစ်အခြေစိုက် ဘောလုံးကလပ်အသင်းတစ်သင်းဖြစ်တဲ့ လာဟာဗေးအသင်းက သူတို့ရဲ့စွမ်းဆောင်ရည်တွေကြောင့် ဘောလုံးပရိသတ်တွေ ရင်းနှီးရတဲ့ အသင်းတစ်သင်း မဟုတ်ခဲ့ပေမယ့်လည်း ပရိသတ်တွေရဲ့ အသည်းကျော်ဘောလုံးသမားတွေဖြစ်တဲ့ မန်ချက်စတာယူနိုက်တက် ကွင်းလယ်လူပေါ့ဘာ မန်စီးတီးတောင်ပံကစားသမားမာရက်ဇ်နဲ့ နောက်ခံအစွန်လူမန်ဒီ မာဆေးလ်တောင်ပံကစားသမားပါရတ်နဲ့ ကစားသမားဘဝကနေ အနားယူသွားပြီဖြစ်တဲ့ လက်ဆာနာဒီယာရာတို့ကို စတင်မွေးထုတ်ပေးခဲ့တဲ့ အသင်းတစ်သင်းအဖြစ်နဲ့တော့ သတ်မှတ်ခံထားရပါတယ်။

Photo Credit : Daily Mercato

အခုလည်း လာဟာဗေးအသင်းဟာ ပါပီဂေးယီလို့ နာမည်ရတဲ့ ပြင်သစ်လူငယ်ကြယ်ပွင့်လေးတစ်ဦးကို ဆက်လက်မေးထုတ်နိုင်ခဲ့ပြန်ပြီး ဒီကွင်းလယ်ကစားသမားကလည်း လာဟာဗေးအသင်းမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့လို့ သူ့ကို အာဆင်နယ်လို အသင်းမျိုးကပါ စိတ်ဝင်စားလာခဲ့ရပါတယ်။ ဒါပေမယ့် လက်ရှိမှာတော့ အာဆင်နယ်ကိုကျော်လွန်ပြီး ပရီးမီးယားလိဂ်မှာ တန်းမဆင်းရဖို့ ရုန်းကန်နေရတဲ့ ဝက်ဖိုဒ့်အသင်းကနေ ဂေးယီကို (၅)နှစ်စာချုပ်နဲ့ ခေါ်ယူသွားခဲဲ့ပါတယ်။ ဂေးယီဟာ လာမယ့်ဇူလိုင်လ(၁)ရက်နေ့မှာပဲ ဝက်ဖိုဒ့်အသင်းရဲ့ တရားဝင်ကစားသမားသစ် သတ်မှတ်ခံလာရတော့မှာပဲဖြစ်ပါတယ်။

Photo Credit : Goal

ဂေးယီဟာ ပြင်သစ်လီဂူးတူးကလပ် လာဗာဟေးအသင်းနဲ့ ချုပ်ဆိုထားတဲ့ စာချုပ်အရ လာမယ့်ဇွန်လနောက်ဆုံးရက်မှာပဲ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်လို့ သူရဲ့အသင်းသစ် ဖြစ်လာတော့မယ့် ဝက်ဖိုဒ့်အသင်းဆီကို ပြောင်းရွှေ့ကြေးမပါဝင်ပဲ အလွတ်ပြောင်းရွှေ့ကစားရမှာဖြစ်ပါတယ်။ အရပ်(၆)ပေ(၂)လက်မအထိ မြင့်မားလှသူ ဂေးယီဟာ ကွင်းလယ်ကစားသမားတစ်ယောက်ဖြစ်ကာ အဓိကအားဖြင့် ကွင်းလယ်ခံစစ်ပိုင်းမှာ တာဝန်ယူကစားတတ်သူဖြစ်ပြီး ပြင်သစ်ယူ-၁၉အသင်းရဲ့ လက်ရွေးစင်ကစားသမားအဖြစ် ပါဝင်ကစားနေသူလည်းဖြစ်ပါတယ်။ ဂေးယီဟာ ဝက်ဖိုဒ့်အသင်းကို ပြောင်းရွှေ့ကစားခဲ့ပေမယ့် ဝက်ဖိုဒ့်အသင်းရဲ့ လက်ရှိ ပရီးမီးယားလိဂ်မှာ ရပ်တည်မှုကြောင့် ပွဲဦးထွက်ရာသီအတွင်း ပရီးမီးယားလိဂ်ပြိုင်ပွဲကြီးမှာ ပါဝင်ကစားရဖို့ မသေမချာဖြစ်နေပြီး အခန့်မသင့်ရင် ချန်ပီယံရှစ်မှာ ကစားရနိုင်ပါတယ်။ ဝက်ဖိုဒ့်ဟာ လက်ရှိမှာ ပရီးမီးယားလိဂ် အမှတ်ပေးဇယားရဲ့ အဆင့်(၁၇)နေရာမှာ ရပ်တည်လို့နေပါတယ်။