MySport Myanmar

ဝက်ဖို့ဒ်ရဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခံလိုက်ရတဲ့ မန်ယူကွင်းလယ်လူဟောင်း ကလီဗာလေ

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကွင်းလယ်လူဟောင်း တဦး ဖြစ်သလို ဝက်ဖို့ဒ်မှာလည်း အချိန်အတော်ကြာ ကစားခဲ့ဖူးတဲ့ ကလီဗာလေက ဝက်ဖို့ဒ်ရဲ့ ယာယီနည်းပြ အဖြစ် ခန့်အပ်ခံလိုက်ရကြောင်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၃၄နှစ် အရွယ် အင်္ဂလန် ကွင်းလယ်လူဟောင်း ကလီ‌ဗာလေက သူ့ရဲ့ ကစားသမား ဘဝကို ဝက်ဖို့ဒ်မှာပဲ အဆုံးသတ်ခဲ့သူ ဖြစ်ပြီး သူက ကစားသမားဘဝကနေ အနားယူပြီးနောက် နည်းပြလောကထဲကို ဝင်ရောက်ဖို့ နည်းပြသင်တန်းတွေ တက်ခဲ့ပါတယ်။

Photo Credit: Goal

လတ်တလောမှာ ကလီဗာလေက ဝက်ဖို့ဒ်ရဲ့ ယူ-၁၈အသင်းကို ကိုင်တွယ်နေပြီး ကလီဗာလေက ဝက်ဖို့ဒ် ယူ-၁၈အသင်းကို ၁ပွဲသာ ကိုင်တွယ်ထားရသေးပေမယ့် သူ့ရဲ့ နည်းစနစ် ကြွယ်ဝမှုကြောင့် လူငယ်ကစားသမားတွေရဲ့ အားကိုးယုံကြည်မှုကို အချိန်တိုအတွင်းမှာ ရရှိထားပါတယ်။

တဖက်မှာတော့ ဝက်ဖို့ဒ်က ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်တွေ အတော်လေး ဆိုးဝါးနေပြီး ချန်ပီယံရှစ်ပွဲ ၃၇ပွဲ အပြီးမှာ ၁၁ပွဲနိုင် ၊ ၁၂ပွဲသရေ ၊ ၁၄ပွဲရှုံး ဆိုတဲ့ ရလဒ်ကို ပိုင်ဆိုင်ထားကာ ရမှတ် ၄၅မှတ်သာ စုဆောင်းထားနိုင်တာကြောင့် တန်းဆင်းဇုန်အန္တရာယ်နဲ့ ရင်ဆိုင်နေရပါတယ်။

Photo Credit: Watford

ယမန်နေ့ညမှာ ဝက်ဖို့ဒ်က ပွဲစဉ်(၃၇) အဖြစ် ဆွမ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားခဲ့ရာ တဖက် တဂိုးစီ သရေရလဒ်သာ ရအောင် ကစားနိုင်ခဲ့ပြီး နောက်ဆုံး ကစားခဲ့တဲ့ ချန်ပီယံရှစ်ပွဲ ၁၀ပွဲမှာ ၁ပွဲထဲသာ အနိုင်ရခဲ့တာကြောင့် ဝက်ဖို့ဒ်ဘုတ်အဖွဲ့က အသင်းနည်းပြချုပ် အစ္စမဲလ်ရဲ့ စာချုပ်ကို ဖျက်သိမ်းလိုက်ပါတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ ဝက်ဖို့ဒ်ဘုတ်အဖွဲ့က အစ္စမဲလ်ရဲ့ စာချုပ်ကို ဖျက်သိမ်းပြီးနောက် သူတို့ရဲ့ ယူ-၁၈အသင်းကို ကိုင်တွယ်နေတဲ့ ကလီဗာလေကို ယာယီနည်းပြ အဖြစ် ခန့်အပ်ဖို့ ဆွေးနွေးမှုတွေ လုပ်ခဲ့ပြီး ကလီဗာလေကလည်း ဝက်ဖို့ဒ်ရဲ့ ကမ်းလှမ်းချက်ကို လက်ခံခဲ့ကြောင်း သိရှီရပါတယ်။

Exit mobile version