မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ်အသင်းတို့ရဲ့ တိုက်စစ်ကစားသမားဟောင်း ဒန်နီဝဲလ်ဘတ်ကတော့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ကနေ တန်းမဆင်းသွားရအောင် ရုန်းကန်နေရတဲ့ ဝက်ဖိုဒ့်အသင်းမှာ ပါဝင်ကစားလို့နေပြီး တစ်ခါတစ်လေမှသာ ပွဲထွက်ကစားခွင့်ရခဲ့တာဖြစ်ကာ အသင်းအတွက်ကိုလည်း ပရီးမီးယားလိဂ်သွင်းဂိုး မရနိုင်ခဲ့တာက အတော်လေးကို ကြာမြင့်နေပြီဖြစ်ပါတယ်။ အခုတော့ ဝဲလ်ဘတ်က ဝက်ဖိုဒ့်အတွက် ပရီးမီးယားလိဂ်သွင်းဂိုးကို စတင်သွင်းယူနိုင်ခဲ့ပြီဖြစ်သလို ဒီသွင်းဂိုးကြောင့် ဝက်ဖိုဒ့်အသင်းကလည်း အဖိုးတန်နိုင်ပွဲတစ်ပွဲကို ရရှိသွားခဲ့ရပါတယ်။

Photo Credit : Sky Sports

မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ ဝက်ဖိုဒ့်အသင်းနဲ့ နောရစ်ချ်စီးတီးအသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်(၃၄)အတွင်းမှာ ဧည့်သည်နောရစ်က ဦးဆောင်ဂိုးကို စတင်သွင်းယူနိုင်ခဲ့ပေမယ့် နောက်ခံလူဒေါ့ဆန်က ပြန်လည်ချေပနိုင်ခဲ့သလို ဒီပွဲမှာ ပွဲထွက်ကစားခွင့်ရခဲ့တဲ့ ဝဲလ်ဘတ်ကလည်း (၅၅)မိနစ်အရောက်မှာ Bicyle Kick လို့ခေါ်တဲ့ အရမ်းလှပတဲ့ကန်ချက်နဲ့ အသင်းအတွက် အနိုင်ဂိုးကို သွင်းယူပေးနိုင်ခဲ့ပါတယ်။ ဝဲလ်ဘတ်အတွက် ဒါဟာ ၂၀၁၈ခုနှစ်နောက်ပိုင်းမှ ပထမဆုံးအကြိမ် ပြန်လည်သွင်းယူနိုင်ခဲ့တဲ့ ပရီးမီးယားလိဂ်သွင်းဂိုးဖြစ်သလို ဝက်ဖိုဒ့်ကိုလည်း တန်းဆင်းဇုန်ကနေ လွတ်မြောက်စေနိုင်မယ့် ဂိုးလည်းဖြစ်လာနိုင်ပါတယ်။

Photo Credit : MHN

အသက်(၂၉)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်မှူးဝဲလ်ဘတ်ဟာ ပြီးခဲ့တဲ့ နွေစျေးကွက်တုန်းကမှ အာဆင်နယ်ကနေ ဝက်ဖိုဒ့်အသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒဏ်ရာပြသာနာတွေကြောင့် သူရဲ့နဂိုခြေစွမ်းကောင်းကို ပြန်လည်ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ဝက်ဖိုဒ့်အတွက်လည်း ပြိုင်ပွဲစုံ(၁၆)ပွဲ ပါဝင်ကစားခဲ့ရသလို သွင်းဂိုးက (၂)ဂိုးသာ ရှိခဲ့ရပါတယ်။ မန်ချက်စတာ လူငယ်အကယ်ဒမီကနေ ပေါ်ထွက်လာခဲ့တဲ့ ဝဲလ်ဘတ်ဟာ ၂၀၀၈ခုနှစ်မှာ ယူနိုက်တက်စီနီယာ ကစားသမားဘဝကို စတင်ခဲ့ရပြီး ပရက်စတန်နဲ့ ဆန်းဒါလန််းအသင်းတွေမှာ အငှားထွက်ကစားခဲ့ရသလို ယူနိုက်တက်မှာလည်း ဘောလုံးရာသီ(၇)ခုလောက်အထိကို ပါဝင်ကစားခဲ့ရပါတယ်။ ယူနိုက်တက်နဲ့ ပရီးမီးယားလိဂ်ဖလား အက်အေဖလား လိဂ်ဖလား ကမ္ဘာ့ကလပ်ချန်ပီယံတွေအထိ ဆွတ်ခူးနိုင်ခဲ့တဲ့ ဝဲလ်ဘတ်ဟာ ၂၀၁၄ခုနှစ်မှာပဲ အာဆင်နယ်အသင်းဆီကို ရောက်ရှိသွားခဲ့ပြီး အဲ့ဒီအချိန်မှာ သူရဲ့ကစားသမားဘဝအတွက် အဆိုးရွှားဆုံး ဖြစ်စေခဲ့တဲ့ ဒဏ်ရာတွေ ရရှိလာခဲ့တာကြောင့် လပေါင်းများစွာ အနားယူခဲ့ရသလို စာချုပ်သက်တမ်း ကုန်ဆုံးမှာလည်း အသင်းနဲ့ လမ်းခွဲခဲ့ရပါတယ်။ ဝဲလ်ဘတ်ဟာ ဝက်ဖိုဒ့်အသင်းနဲ့တော့ ၂၀၂၂ခုနှစ်အထိ စာချုပ်ချုပ်ဆိုထားတာလည်းဖြစ်ပါတယ်။