မနေ့ညက ကျင်းပသွားခဲ့တဲ့ လီဗာပူးလ်အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်အတွင်းမှာ အိမ်ရှင်လီဗာပူးလ်အသင်းက မာနေး ရောဘတ်ဆန် ဂျိုတာတို့ရဲ့သွင်းဂိုးတွေနဲ့ အာဆင်နယ်ကို အနိုင်ယူခဲ့ပေမယ့် မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းကြီး ရွိုင်ကိန်းက လီဗာပူးလ်ဟာ ဖြစ်ကတတ်ဆန်းနိုင်စွာ ကစားသွားခဲ့တဲ့ အနေအထားတွေ ရှိနေခဲ့တယ်လို့ မှတ်ချက်ပြုပြောဆိုလာခဲ့တဲ့အပေါ် လီဗာပူးလ်နည်ပြ ယာဂင်ကလော့က လုံးဝလက်ခံသွားခြင်းမရှိပဲ ချက်ချင်းဆိုသလို ပြန်လည်တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Daily Express

ဘောလုံးသမားဘဝကနေ အနားယူပြီးနောက် နာမည်ကျော် ဗြိတိန်အခြေစိုက် အားကစားရုပ်သံကြီးတစ်ခုဖြစ်တဲ့ Sky Sports မှာ ဘောလုံးပွဲသုံးသပ်သူအဖြစ် ဆောင်ရွှက်လို့နေတဲ့ ရွိုင်းကိန်းဟာ မနေ့ညက ယှဉ်ပြိုင်ကစားခဲ့တဲ့ လီဗာပူးလ်နဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ လီဗာပူးလ်အသင်းရဲ့ကစားဟန်မှာ ပေါ့ပေါ့တန်တန် ကစားဟန်အနည်းငယ် ရှိနေခဲ့တယ်လို့ ထောက်ပြခဲ့တဲ့အတွက် ကလော့က ရွိုင်းကိန်းရဲ့မှတ်ချက်ပြုစကားကို သဘောမတူနိုင်ခဲ့ပဲ ပြန်လည်တုန့်ပြန်သွားခဲ့ပါတယ်။ ကလော့က “မစ္စတာကိန်းက ကျွန်တော်တို့ ဒီညကစားသွားခဲ့တဲ့ ကစားဟန်မှာ ပေါ့ပေါ့တန်တန် ကစားသွားတဲ့ ပုံစံတွေရှိနေတယ်လို့ ပြောခဲ့တာလား”

Photo Credit : The Sun

“ဒါဆိုရင်တော့ သူအနေနဲ့ တခြားဘောလုံးပွဲတစ်ပွဲကို ကြည့်ရှုသင့်ပါတယ်။ သူအနေနဲ့ တခြားပွဲတွေရဲ့အကြောင်းကိုပဲ ပြောမိတာလို့ ထင်ပါတယ်။ ဒီညပွဲကတော့ ဘာပေါ့တိပေါ့ပျက်မှကို မရှိခဲ့ဘူး။ ဒီညပွဲက တကယ့်ကို ထူးခြားကောင်းမွန်ပါတယ်။ ကျွန်တော်တို့ ဒီညကစားသွားခဲ့တဲ့ စွမ်းဆောင်ရည်တွေအရ တကယ့်ကို ကောင်းမွန်ပါတယ်။ ပွဲအစပိုင်းလောက်ကနေပြီးတော့ ကျွန်တော်တို့အသင်း ရာနှုန်းပြည့် စိုးမိုးထားနိုင်ခဲ့တယ်။ နောက်ပြီး ပြိုင်ဘက်အသင်းကိုလည်း ကောင်တာတိုက်စစ်တွေနဲ့ အခွင့်အရေး မပေးမိအောင်လည်း သတိထားကစားရတယ်။ ပြိုင်ဘက်အသင်းရဲ့တိုက်စစ်တွေ သိပ်အလုပ်မဖြစ်အောင်လည်း လူကျွံထောင်ခြောက်ကို အသုံးချရတယ်။ အယ်လီဆန်လည်း အာဆင်နယ်ဘက်က ရရှိလာတဲ့ အခွင့်အရေးနှစ်ခုထဲက တစ်ခုကို ကာကွယ်မှု ပြုလုပ်နိုင်ခဲ့တယ်။ ဒါကြောင့် အားလုံးခြုံငုံကြည့်ရင် ဒီည ကျွန်တော်တို့အသင်းရဲ့ကစားပုံကို ကျေနပ်မိတယ်။ လျော့တိလျော့ရဲဆိုတာတွေတော့ ဘာမှမရှိခဲ့ဘူး” လို့ တုန့်ပြန်ပြောဆိုသွားခဲ့ပါတယ်။ ရွိုင်းကိန်းကတော့ ကလော့ရဲ့ပြန်လည်တုန့်ပြန်မှုနဲ့ပတ်သက်ပြီး”အို…ဘုရားရေ တကယ့်ကို အထိမခံလူကြီးပါလား” လို့ ထပ်မံမှတ်ချက်ပြု ပြောဆိုသွားခဲ့ပါသေးတယ်။