ပြီးခဲ့တဲ့ နွေရာသီအပြောင်းအရွှေ့ကမှ ခရစ္စတယ်ပဲလေ့စ် အသင်းကနေ ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီး အသင်းတစ်သင်းဖြစ်တဲ့ မန်ယူ အသင်းထံကို ပြောင်းရွှေ့ကြေး ပေါင်၅၀သန်းနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ညာနောက်ခံလူ ဝမ်ဘစ်စကာဟာ လက်ရှိမှာတော့ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ညာနောက်ခံလူတွေထဲက တစ်ဦး အဖြစ် သတ်မှတ်ခံထားရသူပါ။ ပြိုင်ဘက်ရဲ့ ခြေထောက်ထဲက ဘောလုံးကို လျင်လျင်မြန်မြန် ဖျက်ထုတ်နိုင်တဲ့ စွမ်းရည်ကြောင့် မန်ယူအသင်း မှာ Spider-Wan လို့ နာမည်ပြောင် ပေးခံထားရတဲ့ ဝမ်ဘစ်စကာဟာ အင်္ဂလန်အသင်းအတွက် အားကိုးရမယ့် ကစားသမား ဖြစ်လာမယ့်သူလို့ ရှုမြင်ခြင်းခံထားရပြီး လက်ရှိမှာတော့ ဘစ်စကာ ဟာ သူအနှစ်သက်ဆုံး ညာနောက်ခံလူ တစ်ဦးကို ဖွင့်ဟ ပြောပြလာခဲ့ပါတယ်။

Photo Credit: Metro.com

ဘစ်စကာ အကြိုက်ဆုံး ညာနောက်ခံလူ ကတော့ ပီအက်စ်ဂျီ ၊ ဘာစီလိုနာ ၊ ဂျူဗင်တပ် စတဲ့ ထိပ်တန်းအသင်းကြီးတွေမှာ ကစားခဲ့ဖူးတဲ့ ဘရာဇီးလ် လက်ရွေးစင်ဟောင်း တစ်ဦး ဖြစ်တဲ့ ဒန်နီအဲလ်ဗက်ပဲ ဖြစ်ပါတယ်။ လက်ရှိမှာ အဲလ်ဗက်ဟာ ဘရာဇီးလ်ကလပ် ဆန်းတို့စ် အသင်းမှာ ကစားနေသူဖြစ်ပြီး သူဟာ ဘောလုံးလောကမှာ ဆုဖလားအများဆုံး ရရှိထားတဲ့ ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသူဖြစ်ပြီး သူ့ရဲ့ ကစားသမားဘဝမှာ စုစုပေါင်း ဖလား၄၀ကျော်ကို ရယူထားနိုင်ခဲ့သူပါ။ အဲလ်ဗက်က သူ့ရဲ့ အနှစ်သက်ဆုံး ကစားသမား တစ်ဦးဖြစ်တဲ့ အကြောင်းကို ဘစ်စကာက –

Photo Credit: Metro.com

” ဒန်နီအဲလ်ဗက်က ကျွန်တော်အကြိုက်ဆုံး ကစားသမားတစ်ဦးပါ။ ကျွန်တော်က သူဟာ ပွဲစဉ်တစ်လျှောက်လုံး သူ့ရဲ့စိတ်ကို အမြဲတမ်း ပြင်ဆင်နေတဲ့ ပုံစံကို သဘောကျတာပါ။ သူဟာ အရမ်းကောင်းတဲ့ ဘာစီလိုနာအသင်းမှာ ကစားခဲ့ပြီး သူဟာ ဘာစီလိုနာအသင်း ရရှိခဲ့တဲ့ ဆုဖလား အောင်မြင်မှုတွေမှာ အရေးပါတဲ့သူတစ်ဦး ဖြစ်ခဲ့ပါတယ် ” လို့ ပြောဆိုသွားခဲ့ပါတယ်။ ဘစ်စကာဟာ လက်ရှိ ဘောလုံးရာသီမှာ မန်ယူ အသင်းအတွက် အကောင်းဆုံး ခြေစွမ်းပြ ကစားထားနိုင်သူ ဖြစ်ကာ ပရီးမီးယားလိဂ်မှာ ၂၆ပွဲ ပါဝင်ကစားခွင့် ရထားပြီး ၂ဂိုး ဖန်တီး ပေးထားနိုင်သူလည်း ဖြစ်ပါတယ်။