ပရီးမီးယားလိဂ် ၊ ချန်ပီယံလိဂ် ၊ အက်ဖ်အေနဲ့ ဥရောပ စူပါဖလားတို့ရဲ့ လက်ရှိ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာက သူဟာ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းဖို့ နီးစပ်ခဲ့ပေမယ့် အခုချိန်မှာ မန်ချက်စတာ စီးတီးနဲ့သာ စာချုပ်သစ် ချုပ်တော့မယ်လို့ ပြောကြားရင်း စီးတီးပရိသတ်တွေကို သတင်းကောင်း ပါးသွားခဲ့ပါတယ်။

အသက် ၃၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာက ကမ္ဘာ့အဆင့် ညာနောက်ခံလူ တဦး ဖြစ်ပြီး သူက ၂၀၁၇ခုနှစ်မှာ စပါးကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် အသင်းရဲ့ အောင်မြင်မှုတွေ အတွက် အဓိကကျတဲ့ အခန်းကဏ္ဍကနေ ပါဝင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ဝေါ်ကာက မန်ချက်စတာ စီးတီး ကစားသမား ဘဝ ၆နှစ်တာ ကာလအတွင်းမှာ စီးတီးအတွက် ပြိုင်ပွဲစုံ ၂၆၀ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူပေးနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး ချန်ပီယံလိဂ် ၁ကြိမ် ၊ ပရီးမီးယားလိဂ် ၅ကြိမ် အပါအဝင် ဆုဖလားပေါင်း ၁၅လုံး အထိ ရယူ ပိုင်ဆိုင်ခဲ့ပါတယ်။

ဝေါ်ကာက စီးတီးရဲ့ အဓိက နောက်ခံလူ တဦး အဖြစ် ကာလရှည် ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့ပေမယ့် သူနဲ့ စီးတီးရဲ့ လက်ရှိစာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ သက်တမ်းကုန်မှာ ဖြစ်ပြီး စာချုပ်သက်တမ်း ကုန်ဖို့ နီးစပ်နေတာကြောင့်ပဲ ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်က ဝေါ်ကာကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေဈေးကွက်အတွင်းမှာ ကြိုးစားခဲ့တာပါ။

Photo Credit: Sky Sports

ဘိုင်ယန်မြူးနစ်က ကိုင်လီ ဝေါ်ကာကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် စီးတီးက သူတို့ရဲ့ အဓိက ညာနောက်ခံလူကို လက်လွှတ်ဖို့ စိတ်ကူးမရှိတာကြောင့် ဝေါ်ကာကို မရောင်းချခဲ့သလို စာချုပ်သစ်ပါ ကမ်းလှမ်းခဲ့ပြီး ဝေါ်ကာကလည်း စီးတီးရဲ့ စာချုပ်သစ်ကို လက်ခံခဲ့ပါတယ်။

နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာတော့ ကိုင်လီ ဝေါ်ကာက သူဟာ မကြာခင်မှာ မန်ချက်စတာ စီးတီးနဲ့ စာချုပ်သစ် ချုပ်ဆိုတော့မယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ဝေါ်ကာက – “ကျွန်တော်က ဘိုင်ယန်မြူးနစ်ဆီ ပြောင်းဖို့ အတော်လေး နီးစပ်ခဲ့ပါတယ်။ ဘောလုံးလောကမှာ ဒီလိုဖြစ်ရပ်မျိုးတွေက အမြဲတမ်း ရှိပါတယ်။ ဆုံးဖြတ်ချက် ချနိုင်တဲ့ အခြေအနေမျိုးတွေ ၊ အသင်းပြောင်းနိုင်တဲ့ အခြေအနေမျိုးတွေ ဒါတွေကို အမြဲတမ်း ကြုံတွေ့ခဲ့ရပါတယ်။ ကျွန်တော်က ဘိုင်ယန်မြူးနစ်ဆီ ပျော်ပျော်ကြီး သွားလို့ ရပါတယ်။ ဒါပေမယ့် စီးတီးက ထိပ်တန်းအသင်း တသင်းပါ။ ကျွန်တော်တို့တွေ ပြီးခဲ့တဲ့ ၆နှစ် ၊ ၇နှစ် အတွင်းမှာ ယူခဲ့တဲ့ အောင်မြင်မှုတွေကို လျှော့တွက်လို့ မရပါဘူး။ ကျွန်တော်က စီးတီးမှာ လုံလောက်တဲ့ ပွဲထွက်ခွင့်သာ ရမယ် ဆိုရင် ဘာကြောင့် အသင်းပြောင်းရမှာလဲ။ ဟုတ်တယ်မလား။ ကျွန်တော် လိုချင်တဲ့ တခုထဲသော အရာက ပွဲထွက်ခွင့်ပါပဲ။ ဘိုင်ယန်မြူးနစ်က ကြီးမားတဲ့ ကလပ်တခု ဖြစ်လို့ ကျွန်တော်သာ အသင်းပြောင်းဖြစ်ခဲ့ရင် ဒါက ကစားသမား ဘဝ တဆင့်နိမ့်သွားတာ မဟုတ်ပါဘူး။ ဟယ်ရီကိန်းကလည်း ဘိုင်ယန်မှာ ကောင်းကောင်းကြီး ကစားပြနေတယ်လေ။ ဒါပေမယ့် ကျွန်တော်က မန်ချက်စတာ စီးတီး အတွက် ကစားဖို့ပဲ အမြဲတမ်း စိတ်ကူးရှိခဲ့တာပါ။ ကျွန်တော်က ကျွန်တော့်ရဲ့ အနာဂတ် အတွက် လုပ်သင့်တဲ့ ကိစ္စတခုကို လုပ်ခဲ့ရုံပါပဲ။ (ဘိုင်ယန်မြူးနစ်ဆီ ပြောင်းဖို့ စဉ်းစားခဲ့မှုအား ရည်ရွယ်လျက်) ဒါပေမယ့် နောက်ဆုံးမှာ ကလပ်က ကျွန်တော့်ကို ကာလရှည် စာချုပ်တရပ် ကမ်းလှမ်းခဲ့ပြီး ကျွန်တော့်ကို အမြင့်ဆုံးခြေစွမ်းတွေနဲ့ ဘောလုံး ဆက်ကစားနိုင်အောင် ကူညီခဲ့ပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။