MySport Myanmar

ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်နေတဲ့ မန်စီးတီးညာနောက်ခံလူ ဝေါ်ကာ

ပရီးမီးယားလိဂ်ဖလား ၊ အက်ဖ်အေဖလားနဲ့ ချန်ပီယံလိဂ်ဖလားတို့ရဲ့ ချန်ပီယံ မန်ချက်စတာ စီးတီးရဲ့ အဓိက ခံစစ်မှူး တဦး ဖြစ်သူ ကိုင်လီ ဝေါ်ကာက ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီး ဆွေးနွေးမှုတွေ အဆင်ပြေနေတာကြောင့် မကြာခင်မှာပဲ အသင်းပြောင်းတော့မယ်လို့ ဂျာမန်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အသက် ၃၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ညာနောက်ခံလူ ကိုင်လီ ဝေါ်ကာက ၂၀၁၇ခုနှစ်မှာ စပါးကနေ မန်ချက်စတာ စီးတီးထံ ပြောင်းရွှေ့ကြေး ယူရို ၅၀သန်းကျော်နဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက စီးတီးဆီ ရောက်ရှိလာပြီးနောက် အသင်းရဲ့ အဓိက ညာနောက်ခံလူ အဖြစ် ခြေစွမ်းကောင်းတွေ ဆက်တိုက် ထုတ်ပြနိုင်ခဲ့သူပါ။

Photo Credit: Sky Sports

ကိုင်လီ ဝေါ်ကာက ၆နှစ်တာ ကာလအတွင်းမှာ မန်ချက်စတာ စီးတီး အတွက် ပြိုင်ပွဲစုံ ၂၅၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၆ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၁၈ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး သူဟာ စီးတီးနဲ့အတူ စုစုပေါင်း ဆုဖလား ၁၅လုံး အထိ ရယူနိုင်ခဲ့ပါတယ်။

ကိုင်လီ ဝေါ်ကာက မန်ချက်စတာ စီးတီးနဲ့ စာချုပ်သက်တမ်း ၁နှစ်ကျော်သာ ကျန်တော့သူ ဖြစ်ပြီး သူက သူ လိုချင်နေတဲ့ ချန်ပီယံလိဂ်ဖလားကို ကိုင်မြှောက်နိုင်ခဲ့ပြီးနောက် စိန်ခေါ်မှုအသစ်တွေ ရင်ဆိုင်ဖို့ အသင်းပြောင်းချင်နေကာ တဖက်မှာလည်း ထိပ်တန်း အစွန်ခံစစ်မှူး တဦးကို ခေါ်ယူချင်နေတဲ့ ဘိုင်ယန်မြူးနစ်က ကန်ဆယ်လိုကို စီးတီးဆီ ပြန်ပို့ပြီးနောက် ကိုင်လီ ဝေါ်ကာကို ခေါ်ယူဖို့ မျက်စိကျနေပါတယ်။

Photo Credit: UK Sports News

နာမည်ကြီး သတင်းထောက် ပလက်တန်ဘက်ရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်နည်းပြ တူဟယ်လ်က ကိုင်လီ ဝေါ်ကာရဲ့ အကြီးစား ပရိသတ် ဖြစ်ပြီး ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေက ဝေါ်ကာနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ရာ ဆွေးနွေးမှုတွေ အဆင်ပြေခဲ့ကာ ဝေါ်ကာဟာ ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ဖို့ ခေါင်းညိတ်ထားကြောင်း သိရပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုကလည်း ဘိုင်ယန်မြူးနစ်နဲ့ ဝေါ်ကာတို့ ကြားထဲမှာ ဆွေးနွေးမှုတွေ ပြုလုပ်နေကြောင်း အတည်ပြုခဲ့ပြီး ဘိုင်ယန်မြူးနစ်က မကြာခင်မှာပဲ မန်ချက်စတာ စီးတီးနဲ့ ဝေါ်ကာအတွက် တရားဝင် ဆွေးနွေးမှုတွေ လုပ်တော့မယ်လို့ ဆိုပါတယ်။

Exit mobile version