အာဆင်နယ်အသင်းရဲ့ လူငယ်ကြယ်ပွင့်လေး ဘူကာယိုဆာကာအနေနဲ့ သူ့ကို စိတ်ဝင်စားမှုတွေ မြင့်တတ်လာနေတဲ့ မန်ချက်စတာစီးတီးအသင်းကိုသာ ပြောင်းရွှေ့သွားခဲ့မယ်ဆိုရင် ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာနိုင်တာကြောင့် ကမ်းလှမ်းမှုတွေ ငြင်းဆန်ပယ်ချပြီး အာဆင်နယ်မှာသာ ဆက်လက်ကစားသင့်ကြောင်း အာဆင်နယ်ကစားသမားဟောင်း သီယိုဝဲလ်ကော့က တိုက်တွန်းပြောဆိုသွားခဲ့ပါတယ်။

Photo Credit : Goal

ပရီးမီးယားလိဂ်ပြိုင်ပွဲ နှစ်ရာသီဆက် ချန်ပီယံ မန်စီးတီးအသင်းဟာ အသက်(၂၀)အရွယ်သာ ရှိသေးတဲ့ အင်္ဂလန်ကြယ်ပွင့် ကစားသမားလေး ဆာကာကို လီဗာပူးလ်အသင်းနဲ့အပြိုင် ခေါ်ယူသွားဖို့ စိတ်ဝင်တစား ရှိနေတယ်ဆိုပြီး မနေ့ကပဲ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။ ဆာကာဟာ အာဆင်နယ်အသင်းနဲ့ (၂)နှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးတဲ့ ကစားသမားတစ်ဦး ဖြစ်သလို အာဆင်နယ်ဘက်ကလည်း ကာလရှည် စာချုပ်ချုပ်ဆိုသွားဖို့ စီစဉ်နေတဲ့ ကစားသမားလည်း ဖြစ်ပါတယ်။ ဒါပေမယ့် အာဆင်နယ်အသင်းဟာ မနှစ်က ဘောလုံးရာသီရဲ့ အပြီးသတ်ခါနီးအချိန်မှ ခြေချော်မှုတွေကြောင့် ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ လွဲချော်ခဲ့ရပြီး ဒါက အသင်းရဲ့ နွေရာသီ အစီအစဉ်တွေကိုပါ အကျိုးသက်ရောက်သွားစေခဲ့ပါတယ်။

Photo Credit : Metro

ဒီလို သက်ရောက်စေခဲ့တဲ့ အထဲမှာ ဆာကာရဲ့ စာချုပ်ကိစ္စပါ ပါဝင်လာခဲ့ပြီး ဆာကာအနေနဲ့ကလည်း သူရဲ့လက်ရှိကလပ်ကိုသာ ချစ်မြတ်နိုးနေပေမယ့် အနာဂတ် အလားအလာအရ မန်စီးတီး လီဗာပူးလ်တို့ အသင်းတွေဆီ ပြောင်းရွှေ့ချင်စိတ် ဖြစ်လာနိုင်တာကို အာဆင်နယ်ဘက်က ထိန်းချုပ်ဖို့ ခက်ခဲလာနိုင်ပါတယ်။ ဒီလို အခြေအနေမှာ ဆာကာရဲ့ စီနီယာ ကစားသမားကြီး ဝဲလ်ကော့က “မန်စီးတီးမှာ ပွဲကစားခွင့်တွေ ကန့်သတ်ခံရမယ်ဆိုတာကို သူနားလည်ထားဖို့ လိုပါမယ်။ သေချာတာကတော့ အဲ့ဒီမှာဆိုရင် သူက ဆုဖလားတွေ အောင်မြင်မှုတွေကို ရယူနိုင်ဖို့ အလားအလာ ပိုရှိလိမ့်မယ်။ ဒါပေမယ့် ဒါက အာဆင်နယ်မှာဆိုရင် ဒါတွေကို မရယူနိုင်ဘူးလို့ ဆိုလိုတာ မဟုတ်ပါဘူး။ အာဆင်နယ်မှာက အသွင်ကူးပြောင်းရေးအဆင့်ပဲ ရှိနေတယ်ဆိုတာ သိသာထင်ရှားပါတယ်။ ဒီအဆင့်မှာ အာတီတာ တစိတ်တစ်ပိုင်းအဖြစ် ပါဝင်နေသလို ဆာကာဟာလည်း ကြီးမားသော အစိတ်အပိုင်းတစ်ခုအဖြစ် ပါဝင်နေတယ်။ ကလပ်အသင်းက သူ့ကို ထိန်းသိမ်းထားဖို့ လိုအပ်သလို ဒါက ရိုးရိုးရှင်းရှင်းလေးလို့လည်း ထင်ပါတယ်။ သူတို့က ငယ်ရွှယ်နုပျိုတဲ့ ကစားသမားတွေနဲ့ မြင့်မားတဲ့ အဆင့်တစ်ခုကို တဖြည်းဖြည်းချင်း ရောက်လာနိုင်မှာပါ” လို့ သုံးသပ်ပြောဆိုသွားခဲ့ပါတယ်။