အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းဖြစ်သူ သီယို ဝဲလ်ကော့က အာဆင်နယ်ဟာ တိုက်စစ်ပိုင်းအတွက် ဘရန့်ဖို့ဒ် တိုက်စစ်မှူး အိုင်ဗန် တိုနေးလို ကစားသမားမျိုးကို လိုအပ်တာဖြစ်လို့ လာမယ့်နွေမှာ အရ ခေါ်ယူသင့်တယ်လို့ တိုက်တွန်း ပြောကြားလိုက်ပါတယ်။

အာဆင်နယ်အသင်းက တိုက်စစ်ပိုင်း ကစားသမားကောင်းတွေ ပိုင်ဆိုင်လို့ထားပြီး ဆောင်းဈေးကွက်ထဲ တိုက်စစ်မှူးတစ်ဦး မဖြည့်တင်းခဲ့တာတောင် အသင်းက တိုက်စစ်ပိုင်းက အလွန်ထက်မြက်နေရပါတယ်။ အာဆင်နယ်က နောက်ဆုံးကစားခဲ့တဲ့ ပရီးမီးယားလိဂ် (၅)ပွဲမှာ ဂိုး(၂၁)ဂိုးအထိတောင် သွင်းယူနိုင်ခဲ့ပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့်လည်း အာဆင်နယ်ဟာ မနေ့ညက ပေါ်တိုအသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှုံးထွက် ပကျော့ပွဲစဉ်မှာပဲ Shots on Target တစ်ကြိမ်မှ မရှိတဲ့အထိ တိုက်စစ်စွမ်းဆောင်ရည်က မေးခွန်းထုတ်စရာ ဖြစ်ခဲ့ရသလို ဂိုးရဖို့ပါ ရုန်းကန်ခဲ့ရပါတယ်။

ဒီအခြေအနေနဲ့ ပတ်သက်ပြီး ဝဲလ်ကော့က “ကျွန်တော်က အိုင်ဗန် တိုနေးရဲ့ အမာခံ ပရိသတ်တစ်ဦးပါ။ အာဆင်နယ်လို အသင်းကြီးတစ်သင်းမှာ ဒီလိုကစားသမားမျိုး တစ်ယောက်လောက်ရှိနေမယ်ဆိုရင် set-pieces တွေ ရလာတိုင်း ပိုပြီး အကျိုးရှိလာမယ်ဆိုတာ သိသာထင်ရှားပါတယ်။”

Photo Credit : Metro

“မနေ့ညက ဂျေဇူးမပါတဲ့အချိန် သူ့နေရာမှာ တခြားကစားသမားကို နေရာပေးဖို့လည်း မရှိပါဘူး။ ကိုင် ဟာဗက်ဇ်ကလည်း တကယ်ကောင်းမွန်တဲ့ ကစားသမားဆိုပေမယ့် သူက နံပါတ် (၉) တိုက်စစ်မှူးတစ်ယောက် မဟုတ်သလို အဲ့ဒီနေရာမှာလည်း သေသေချာချာ မကစားနိုင်ပါဘူး။”

“ဒါက လာမယ့်နွေရာသီမှာ အီဒူးနဲ့ အာတေတာတို့ ဆွေးနွေးရမယ့် ကိစ္စလို့ ကျွန်တော် ထင်မိပါတယ်။ တကယ်လို့ အာဆင်နယ်က နံပါတ်(၉)နေရာအတွက် ကိုယ်လုံးကိုယ်ထည် ကောင်းကောင်းနဲ့ တိုက်စစ်မှူးတစ်ဦး ရှိနေမယ်ဆိုရင်တော့ ဆာကာ မာတင်နယ်လီတို့ရဲ့ တောင်ပံတွေနဲ့ အသင်းတိုက်စစ်က အရမ်းကို ထိရောက်သွားပါလိမ့်မယ်။” လို့ မှတ်ချက်ပြုသွားခဲ့ပါတယ်။