MySport Myanmar

ဒိန်းမတ်နဲ့ပွဲမှာ ဖိုဒန်အစား ဂေါ်ဒွန်ကို အသုံးပြုသွားသင့်တယ်လို့ ဝဲလ်ကော့ အကြံပြု

အာဆင်နယ်နဲ့ အင်္ဂလန် ကစားသမားဟောင်းတစ်ဦးဖြစ်သူ သီအို ဝဲလ်ကော့က အင်္ဂလန်အသင်းအနေနဲ့ ဒိန်းမတ်နဲ့ ရင်ဆိုင်သွားရမယ့် ယူရို-၂၀၂၄ အုပ်စုပွဲစဉ်မှာ ဖေးလ် ဖိုဒန်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ပြီး တောင်ပံကစားသမားဖြစ်သူ အန်တိုနီ ဂေါ်ဒွန်ကို နေရာပေးသွားသင့်တယ်လို့ အကြံပြု တိုက်တွန်းသွားခဲ့ပါတယ်။

အင်္ဂလန်အသင်းဟာ ယူရို-၂၀၂၄ပြိုင်ပွဲမှာ ဒိန်းမတ် ဆာဘီးယား ဆလိုဗေးနီးယားတို့နဲ့ တစ်အုပ်စုတည်း ကျရောက်နေပြီး အုပ်စုအဖွင့်ပွဲမှာတော့ ဆာဘီးယားကို ဘယ်လင်ဟမ်ရဲ့ တစ်လုံးတည်းသော သွင်းဂိုးနဲ့ အနိုင်ယူခဲ့ပမယ့် ကစားပုံအရဆိုရင်တော့ စိတ်ကျေနပ်စရာမှာ ရှိမနေခဲ့သလို ကစားသမား အများစုလည်း ပုံမှန်ခြေစွမ်းတွေပါ ပျောက်ဆုံးခဲ့ပါတယ်။

Photo Credit : Super Sports

အဓိကတော့ ပြီးခဲ့တဲ့ရာသီမှာ မန်စီးတီးအသင်းနဲ့ တောက်ပခဲ့ပြီး ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ တစ်ရာသီအတွင်း အကောင်းဆုံး ကစားသမားဆုကိုပါ ရရှိခဲ့တဲ့ ဖိုဒန်ဟာ ဆာဘီးယားနဲ့ပွဲစဉ်မှာတော့ ပုံမှန် ခြေစွမ်းပြဖို့တောင် ရုန်းကန်နေခဲ့ရတာကြောင့် ဝေဖန်မှုတွေနဲ့ပါ ရင်ဆိုင်လိုက်ရပါတယ်။

အခုလည်း အင်္ဂလန် ကစားသမားဟောင်းကြီး ဝဲလ်ကော့က အင်္ဂလန်နည်းပြ ဂါရတ် ဆောက်ဂိတ်အနေနဲ့ ဖိုဒန်ကို ပွဲထွက်လူစာရင်းကနေ ချန်လှပ်ပြီး သူ့နေရာအတွက် နယူးကာဆယ် တောင်ပံကစားသမား ဂေါ်ဒွန်ကို အစားထိုး အသုံးပြုသွားသင့်တယ်လို့ မှတ်ချက်ပေး အကြံပြုသွားခဲ့ပါတယ်။ “ကျွန်တော်ကတော့ အန်တိုနီ ဂေါ်ဒွန်ကို သဘောကျမိပါတယ်။ ကျွန်တော်က သူ့ကို သူကစားတာလည်း ကြည့်ဖူးတယ်။ သူနဲ့လည်း ရင်းနှီးမှု ရှိပါတယ်။”

Photo Credit : ESPN

“ကျွန်တော် သူ့ကို ကြိုက်တဲ့အချက်က အပြင်ကိုထွက်ပြီး အတွင်းကို ချိုးဝင်တဲ့ inverted winger ပုံစံမျိုး ကစားတာမျိုး သဘောကျမိတယ်။ သူက ခံစစ်ကစားသမားတွေကိုလည်း စိန်ခေါ်မှုတွေ လုပ်နိုင်တယ်။ နောက်ပြီး ပြိုင်ဘက်တွေက သူတစ်ခုခု လုပ်တော့မယ်ဆိုတာမျိုး ခံစားမိရအောင်လည်း လုပ်နိုင်တယ်။ ဒါကြောင့်လည်း သူက ဒီနေရာမှာ ရောက်နေရတာ။ သူက ပါဝင်ကစားရမယ်ဆိုရင် တစ်ခုခု ထူးခြားအောင် လုပ်ပြနိုင်ပါလိမ့်မယ်။”

“ဒါကြောင့် ကစားသမား အပြောင်းအလဲသာ လုပ်မယ်ဆိုရင်တော့ ကျွန်တော်က သူ့ကိုပဲ နေရာပေးလိုက်ချင်ပါတယ်။ အခုကတော့ အဲ့ဒီနေရာအတွက် ဖိုဒန်ပဲ ထားရမလား။ တခြားကစားသမားကိုပဲ နေရာပေးသင့်သလားဆိုပြီး debate ဖြစ်နေကြတယ်။ ကျွန်တော်ကတော့ ဂေါ်ဒွန်ကို မြင်ချင်ပါတယ်။ သူက စိတ်လှုပ်ရှားစရာကောင်းပြီး အကြောက်အလန့်လည်း မရှိပါဘူး။ ဒါတွေက နိုင်ငံတကာအဆင့်မှာပါ လိုအပ်တဲ့ အရာတွေပါ။” လို့ ဝဲလ်ကော့က မှတ်ချက်ပြုလိုက်ပါတယ်။

Exit mobile version