ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် ရံဖန်ရံခါ လုပ်ကိုင်နေတဲ့ ဝဲလ်ကော့က ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၄-၃ လီဗာပူး ပွဲစဉ်မှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပွဲချိန်ပြည့် ဝင်ကစားရင်း ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ လူငယ်ကြယ်ပွင့် ဂါနာချိုဟာ မန်ယူသွေး အပြည့် ပါတဲ့ ကစားသမားလို့ ချီးကျူးသွားခဲ့ပါတယ်။

အသက် ၃၅နှစ် အရွယ် အင်္ဂလန်နဲ့ အာဆင်နယ်တို့ရဲ့ တောင်ပံတိုက်စစ် ကစားသမားဟောင်း ဝဲလ်ကော့ဟာ ဆယ်ကျော်သက်အရွယ်ကတည်းက အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ တဟုန်ထိုး နာမည်ကျော်ခဲ့သူ ဖြစ်ပြီး သူက အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၃၉၇ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀၈ဂိုး သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၈၀ကြိမ် ပြုလုပ်နိုင်ခဲ့ကာ အက်ဖ်အေဖလား ၃ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၂ကြိမ်တို့ကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: MEN

တဖက်မှာတော့ အသက် ၁၉နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား လူငယ်ကြယ်ပွင့် ဂါနာချိုက ဒီရာသီမှာ မန်ချက်စတာ ယူနိုက်တက်နဲ့အတူ အမြင့်ပျံနေတဲ့ တက်သစ်စ ကစားသမား ဖြစ်ပြီး သူက ယခုနှစ် ရာသီမှာ မန်ချက်စတာ ယူနိုက်တက် အတွက် ပြိုင်ပွဲစုံမှာ ၃၈ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၇ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၄ကြိမ် ရရှိထားပါတယ်။

ဂါနာချိုက ဝဲလ်ကော့လိုပဲ အမြန်နှုန်းကို အားပြု ကစားတတ်တဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး ဂါနာချိုဟာ ပြီးခဲ့တဲ့ တနင်္ဂနွေနေ့မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက် ၄-၃ လီဗာပူး ပွဲစဉ်မှာ ယူနိုက်တက်ရဲ့ တိုက်စစ်ကို အဓိက ဦးဆောင် ကစားခဲ့တဲ့ ကစားသမား ဖြစ်ခဲ့ကာ သူ့ရဲ့ ကြိုးပမ်းမှုတွေ ကနေပဲ ယူနိုက်တက်ဟာ သွင်းဂိုး ၃ဂိုး အထိ ရရှိခဲ့တာပါ။

ဒါကြောင့်ပဲ ဝဲလ်ကော့က အက်ဖ်အေဖလား ကွာတားဖိုင်နယ်လို ပွဲကြီးမျိုးမှာ ပြိုင်ဘက်ကို မရှိန်နေပဲ ဘောလုံးရတဲ့ အချိန်တိုင်း တိုက်စစ်ဆင်ဖို့သာ ကြိုးစားလေ့ ရှိတဲ့ ဂါနာချိုကို ချီးကျူးမှုတွေ လုပ်ခဲ့သလို ဂါနာချိုဟာ နောက်ဆုံးအချိန် အထိ မဆုတ်မနစ် ကြိုးစားတတ်တဲ့ ယူနိုက်တက်ရဲ့ နာမည်ကျော် သရဲနီစိတ်ဓာတ်ကို ပိုင်ဆိုင်ထားသူ ဖြစ်ကြောင်း မှတ်ချက်ပြုသွားခဲ့ပါတယ်။

Photo Credit: Standard

ဝဲလ်ကော့က – “ဂါနာချိုနဲ့ ပတ်သတ်ပြီး ကျွန်တော် အမြဲတမ်း သဘောကျခဲ့တဲ့အရာက သူဟာ ပြိုင်ဘက်တွေ သူ့ကို လူကပ်ရ ခက်တဲ့ နေရာမျိုးတွေမှာ ရှိနေတတ်တာကိုပါ။ သူက ဘောလုံးမရှိတဲ့ အချိန်တွေမှာ ပြေးလွှားနေပေမယ့် ပြေးရုံသက်သက် ပြေးနေတာ မဟုတ်ပါဘူး။ သူ့ရဲ့ နေရာယူပုံတွေက အမြဲတမ်း အကျိုးရှိခဲ့ပါတယ်။ ပြီးတော့ သူက ဘောလုံးကို လက်ခံဖို့ အမြဲတမ်း အဆင်သင့် ဖြစ်နေတတ်ပါတယ်။ ကျွန်တော်က ဘောလုံး ရပြီးတိုင်း တိုက်စစ်ဆင်ဖို့ပဲ ကြိုးစားတတ်တဲ့ သူ့ရဲ့ စိတ်ဓာတ်ကို ကြိုက်ပါတယ်။ သူက အတွင်းထဲ ချိုးဝင် ကစားတတ်တဲ့ တောင်ပံကစားသမားတွေသာ နေရာရတဲ့ ခေတ်ကြီးမှာ ဘောလုံးရတိုင်း ဘေးစည်းဘက်ကို ဆွဲထုတ်ပြီး ကစားတတ်ပါတယ်။ ကျွန်တော်က အဲ့ဒီကစားပုံကို ကြိုက်ပါတယ်။ သူက အမြဲတမ်း သူ့အတွက် နေရာလွတ် အကျယ်ကြီး ရှိအောင် ဖန်တီးပြီး ကစားတတ်ပါတယ်။ သူက အမြဲတမ်း ဆာလောင်နေတယ်။ ဘောလုံးကို လက်ခံဖို့ ကြိုးစားတယ်။ သူ့မှာ မာနလည်း ရှိပါတယ်။ သူက မိနစ် ၁၂၀ ပြည့်သွားသည့်တိုင်အောင် ပြေးလွှား လှုပ်ရှား ကစားနေတုန်းပါပဲ။ သူက ဘောလုံးနဲ့အတူ ပြေးရင် အတော်လေး မြန်တဲ့ ကစားသမားပါ။ ကျွန်တော်ကတော့ သူ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ သွေးတွေ စီးဆင်းနေတယ်လို့ ခံစားရပါတယ်။ သူက ချစ်စရာကောင်းတဲ့ လူငယ်လေးပါ” လို့ ဂါနာချိုကို ချီးကျူးသွားခဲ့တာပါ။