အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိအချိန်မှာတော့ ဆောက်သမ်တန်အသင်းသား ဖြစ်လို့နေတဲ့ တောင်ပံတိုက်စစ်ကစားသမား သီအိုဝေါလ်ကော့ဟာ မနေ့ညကပဲ သူရဲ့အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ခဲ့ရပြီး အာဆင်နယ်အသင်းဘက်ကိုပါ သွင်းဂိုးတစ်ဂိုး သွင်းယူနိုင်ခဲ့ပါသေးတယ်။ ပွဲအပြီးမှာတော့ ဝေါလ်ကော့က သူရဲ့အသင်းဟောင်းအနေနဲ့ ပွဲချိန်အတွင်း အကြောက်တရားတွေနဲ့ ယှဉ်ပြိုင်ကစားနေခဲ့တယ်လို့ မှတ်ချက်ပြုပြောစကား ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : The Independent

အာဆင်နယ်အသင်းဟာ မန်ချက်စတာယူနိုက်တက်အသင်းကို အိုးထရက်ဖိုဒ့်ကွင်းအတွင်းမှာ အနိုင်ယူခဲ့ပြီးနောက်ပိုင်းကတည်းက ပရီးမီးယားလိဂ်မှာ နိုင်ပွဲလုံးဝမရှိခဲ့တော့တဲ့အပြင် အိမ်ကွင်း(၅)ပွဲဆက်တိုက် နိုင်ပွဲပျောက်ဆုံးခဲ့ရပါတယ်။ မနေ့ညက ဆောက်သမ်တန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပွဲစဉ်မှာလည်း အသင်းသားဟောင်းဝေါလ်ကော့ရဲ့သွင်းဂိုးနဲ့ စတင်ဦးဆောင်ခံရပြီး ဒုတိယပိုင်းမှာ တိုက်စစ်မှူးအူဘာမီယန်းက ပြန်လည်ချေပခဲ့လို့ တစ်ဖက်ကိုတစ်ဂိုးစီနဲ့ သရေကျခဲ့ရတာဖြစ်ပါတယ်။

Photo Credit : Premier League

အာဆင်နယ်အသင်းရဲ့လတ်တလောအခြေအနေတွေနဲ့ပတ်သက်ပြီး ဝေါလ်ကော့က “အရိုးသားဆုံးပြောရရင် အာဆင်နယ်အသင်းမှာ အကြောက်တရားတွေ ရှိနေတယ်ဆိုတာကို ကျွန်တော်ဒီညမှာပဲ ခံစားမိခဲ့တယ်” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဒီမှတ်ချက်ပြုစကားနဲ့ပတ်သက်ပြီး အာဆင်နယ်နည်းပြမီခဲလ်အာတီတာက “ကျွန်တော်မသိပါဘူး။ ကျွန်တော်သူနဲ့ စကားပြောဆိုခဲ့ပေမယ့် သူကဒီအကြောင်းအရာကိုတော့ ထည့်သွင်းပြောဆိုခဲ့ခြင်းတော့ မရှိပါဘူး။ သူက တခြားကိစ္စတွေကိုပဲ ထည့်သွင်းပြောဆိုခဲ့တာပါ။ ဒီအကြောင်းတော့ မပါဝင်ခဲ့ပါဘူး။ သူဒါကို ပြောဆိုခဲ့တာ ကျွန်တော်မသိဘူး။ ဒါက သူခံစားမိသလို ထုတ်ဖော်ပြောဆိုလိုက်တာလည်း ဖြစ်နိုင်ပါတယ်” လို့ တုံ့ပြန်ပြောဆိုလိုက်ပါတယ်။ အသက်(၃၁)နှစ်အရွှယ်ရှိ အင်္ဂလန်လက်ရွေးစင်ဟောင်း တိုက်စစ်ကစားသမားဝေါလ်ကော့ဟာ ဆောက်သမ်တန်လူငယ်အသင်းကနေ ပေါ်ထွက်လာခဲ့သူဖြစ်ပြီး ၂၀၀၆ခုနှစ်မှာပဲ အာဆင်နယ်ကို ရောက်ရှိလာခဲ့သူဖြစ်ပါတယ်။ အာဆင်နယ်မှာ သူရဲ့ကစားသမားဘဝကို (၁၂)နှစ်ခန့်အထိ ဖြတ်သန်းခဲ့ပြီးနောက် အဲဗာတန်အသင်းဆီကို (၃)နှစ်စာချုပ်ဆီ ပြောင်းရွှေ့လာခဲ့ကာ အဲဗာတန်မှာ ထင်သလောက်ခြေစွမ်းမပြနိုင်ခဲ့လို့ ဒီရာသီမှာ သူရဲ့အသင်းဟောင်း ဆောက်သမ်တန်ဆီကို အငှားနဲ့ ပြန်လည်ရောက်လာခဲ့တာဖြစ်ပါတယ်။ ဝေါလ်ကော့ဟာ ဒီနှစ်ရာသီအတွင်း ဆောက်သမ်တန်အသင်းအတွက် ပြိုင်ပွဲစုံ(၁၀)ပွဲ ပါဝင်ကစားထားခဲ့ကာ သွင်းဂိုး(၂)ဂိုး သွင်းယူထားခဲ့ပြီး ဂိုးဖန်တီးမှု(၂)ကြိမ် ပြုလုပ်ထားနိုင်ခဲ့ပါတယ်။