စပိန်လာလီဂါ အင်အားကြီးကလပ် ရီးရဲလ်မက်ဒရစ် အသင်းရဲ့ အဓိက ကွင်းလယ်လူ တိုနီကရူးစ်ရဲ့ အေးဂျင့်ဖြစ်သူ ဗော်ကာ စထရက် ကတော့ လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ ရေပန်းစားနေတဲ့ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ စုစုပေါင်း ယူရို ၃၀၀သန်း ဝန်းကျင် အထိ ငွေကြေး သုံးစွဲရနိုင်ကြောင်း အင်တာဗျူး တခုမှာ ထုတ်ဖော် ပြောကြားလိုက်ပါတယ်။

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ နော်ဝေ လက်ရွေးစင် တိုက်စစ်မှူး အာလင်း ဟာလန်းဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး လူငယ် အထောင် တိုက်စစ်မှူး အဖြစ် သတ်မှတ်ခံထားရတဲ့ ကစားသမား တဦး ဖြစ်ပြီး လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ဒေါ့မွန်အသင်းကို စွန့်ခွာဖို့ ကျိန်းသေလုနီးပါး ဖြစ်နေတဲ့ တိုက်စစ်မှူး တဦးလည်း ဖြစ်ပါတယ်။

Photo Credit: Buzzer

ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ရဲ့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်ဟာ ၂၀၂၄ခုနှစ် အထိ သက်တမ်း ကျန်ရှိနေသေးပေမယ့် လာမယ့် ၂၀၂၂ခုနှစ် နွေရာသီ အပြောင်းအရွှေ့မှာ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း ပေးချေရုံနဲ့ အဆိုပါ စာချုပ်ကို ဖျက်သိမ်းနိုင်မယ့် အချက်က စတင် အသက်ဝင်မှာ ဖြစ်တာကြောင့် ဒေါ့မွန်အသင်းအနေနဲ့ ဟာလန်းကို အသင်းမှာ ဆက်ထိန်းနိုင်ဖို့ မလွယ်ကူပါဘူး။

လက်ရှိမှာတော့ စာချုပ်ဖျက်သိမ်းကြေး ယူရို ၇၅သန်း ပေးချေကာ ဟာလန်းကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အမြောက်အမြား ရှိနေပြီး အဆိုပါ အသင်းတွေ ကတော့ မန်ချက်စတာ ယူနိုက်တက် ၊ မန်ချက်စတာ စီးတီး ၊ ချယ်လ်ဆီး ၊ ရီးရဲလ်မက်ဒရစ် ၊ ဘာစီလိုနာ ၊ လီဗာပူး ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေပဲ ဖြစ်ပါတယ်။

Photo Credit: Buzzer

တိုနီကရူးစ် အပါအဝင် ဥရောပရဲ့ နာမည်ကျော် ကစားသမား တချို့ကို ကိုယ်စားပြုနေတဲ့ နာမည်ကြီး အေးဂျင့် ဗော်ကာ စထရက်ကတော့ ဟာလန်းရဲ့ ပြောင်းရွှေ့ကြေးဟာ ယူရို ၇၅သန်းပဲ ကျသင့်မှာ ဖြစ်ပေမယ့် အေးဂျင့်ခ ၊ လက်မှတ်ထိုးကြေး ၊ ၅နှစ်စာ လုပ်ခလစာ စတဲ့ ကိစ္စရပ်တွေကိုပါ ပေါင်းထည့်လိုက်ပါက ဟာလန်းကို ခေါ်ယူချင်တဲ့ အသင်းတွေဟာ ယူရို ၂၅၀သန်း ကနေ ယူရို ၃၀၀သန်းကြား သုံးစွဲရလိမ့်မယ်လို့ ထုတ်ဖော် ပြောဆိုလာခဲ့ပါတယ်။

ဗော်ကာ စထရက်က – “ ဟာလန်းကို ခေါ်ချင်ရင် စာချုပ်ဖျက်သိမ်းကြေး ပေးရပါမယ်။ ပြီးရင် ကစားသမားကို ပေးရမယ့် ၅နှစ်စာ လုပ်ခလစာ ၊ အေးဂျင့်ခ ဒါတွေကိုပါ ပေါင်းထည့်လိုက်ရင် စုစုပေါင်း ကုန်ကျစရိတ်က ယူရို ၂၅၀သန်းနဲ့ ယူရို ၃၀၀သန်းကြား ရှိနေပါလိမ့်မယ်” လို့ ပြောကြားခဲ့တာပါ။