အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ဗလာဟိုဗစ်က ရမှတ်လျှော့ ပြစ်ဒဏ် အပြင် ဘဏ္ဍာရေး အကြပ်အတည်းနဲ့ပါ ကြုံတွေ့နေရတဲ့ ဂျူဗင်တပ်ကို စွန့်ခွာကာ ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ကြိုးစားနေကြောင်း နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနက အခိုင်အမာ ဖော်ပြသွားခဲ့ပါတယ်။

ဂျူဗင်တပ်က ပြီးခဲ့တဲ့ ၅နှစ် အတွင်းမှာ ကစားသမား အရောင်း ၊ အဝယ် ပြုလုပ်တဲ့ နေရာမှာ မသမာမှုတွေ အများကြီးကို ကျူးလွန်ခဲ့သလို ကိုဗစ်ကာလ အတွင်း ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်ရချိန်မှာလည်း ကစားသမားတွေဟာ လုပ်ခလစာ လျှော့ယူပါတယ်လို့ အီတလီ ဘောလုံးအဖွဲ့ချုပ်ထံ လိမ်လည် တင်ပြကာ ကစားသမားတွေကို တရားမဝင် နည်းလမ်းတွေနဲ့ ငွေကြေးတွေ ဆက်လက် ပေးချေခဲ့ပါတယ်။

Photo Credit: 90 Min

ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ် ကုန်ခါနီးမှာတော့ အီတလီ ဘောလုံးအဖွဲ့ချုပ်နဲ့ ဥရောပ ဘောလုံးအဖွဲ့ချုပ်တို့က ဂျူဗင်တပ်ရဲ့ မသမာမှုတွေကို အနံ့ခံမိသွားပြီး လိုအပ်တဲ့ စုံစမ်း စစ်ဆေးမှုတွေ ပြုလုပ်ခဲ့ရာ အပြစ်ရှိကြောင်း ထင်ရှားနေတာကြောင့် အီတလီ ဘောလုံးအဖွဲ့ချုပ်က ပြီးခဲ့တဲ့ ရက်ပိုင်းမှာပဲ ဂျူဗင်တပ်ကို ရမှတ် ၁၅မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခဲ့ပါတယ်။

ရမှတ် ၁၅မှတ်လျှော့ ပြစ်ဒဏ် ချမှတ်ခံခဲ့ရတာကြောင့် ဂျူဗင်တပ်က စီးရီးအေ ပွဲစဉ်(၁၉) အပြီးမှာ ရမှတ် ၂၂မှတ်နဲ့ အဆင့် ၁၀နေရာ အထိ ရောက်ရှိသွားပြီး ချန်ပီယံလိဂ်ဝင်ခွင့် ရဖို့ ခက်ခဲသွားသလို ယူရိုပါလိဂ်နဲ့ ယူရိုပါ ကွန်းဖရန့်လိဂ် ပြိုင်ပွဲတွေကို ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရဖို့တောင် အသည်းအသန် ရုန်းကန်ရပါတော့မယ်။

Photo Credit: 90 Min

ဂျူဗင်တပ်က ရမှတ်လျှော့ပြစ်ဒဏ် ချမှတ်ခံခဲ့ရသလို ဘဏ္ဍာရေး အကြပ်အတည်းနဲ့ပါ ရင်ဆိုင်နေရတာကြောင့် ဘဏ္ဍာရေး ပြဿနာ ပြေလည်ဖို့ အသင်းရဲ့ ရှိရင်းစွဲ ကစားသမားတွေထဲက တချို့ကို ရောင်းထုတ်ရတော့မှာ ဖြစ်သလို ဗလာဟိုဗစ် ၊ ဒီမာရီယာ စတဲ့ ဂျူဗင်တပ်ရဲ့ ကြယ်ပွင့် ကစားသမားတွေကလည်း လာမယ့် နွေဈေးကွက်မှာ အသင်းကို စွန့်ခွာဖို့ စတင် စဉ်းစားနေကြပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90 Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ဗလာဟိုဗစ်က ဂျူဗင်တပ်ရဲ့ ပြဿနာတွေ ကြားထဲမှာ ဆက်လက် မနေလိုတော့တာကြောင့် အသင်းပြောင်းဖို့ စီစဉ်နေပြီး ဗလာဟိုဗစ်ရဲ့ အေးဂျင့်ဖြစ်သူ ကိုယ်တိုင်က တိုက်စစ်မှူး တဦး ရှာဖွေနေတဲ့ မန်ချက်စတာ ယူနိုက်တက်ဆီ ဆက်သွယ်ကာ သူ့ရဲ့ ကစားသမားဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းလာချင်နေကြောင်း အသိပေးခဲ့တယ်လို့ သိရပါတယ်။