ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းဟာ အီတလီ စီးရီးအေ ကလပ် ဖီအိုရင်တီးနားအသင်းရဲ့ အဓိက တိုက်စစ်မှူး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ရာမှာ အောင်မြင်မှု မရခဲ့သလို ဗလာဟိုဗစ်နဲ့ သူ့ရဲ့ အေးဂျင့်တို့ကြောင့် အရှက်ကွဲခဲ့ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်အသင်းဟာ အသင်းကို ယခင်ကလို ထိပ်တန်းအသင်း တသင်း ဖြစ်လာအောင် ပြန်လည် တည်ဆောက်ဖို့ အတွက် အသက်အရွယ် ငယ်သေးသလို ခြေစွမ်းလည်း ကောင်းမွန်တဲ့ ထိပ်တန်း တိုက်စစ်မှူး တဦးကို ဝယ်ယူဖို့ စီစဉ်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းနဲ့ အတူ စီးရီးအေမှာ ခြေစွမ်းပြနေတဲ့ ဗလာဟိုဗစ်ဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Football Italia

အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ဆာဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ ဖီအိုရင်တီးနားအသင်းနဲ့ စတင် တောက်ပလာတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ဖြစ်ပြီး ဖီအိုရင်တီးနားအသင်း အတွက် ပြီးခဲ့တဲ့ ဘောလုံးရာသီနဲ့ ယခုနှစ် ဘောလုံးရာသီမှာ ၅၃ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃၁ဂိုး သွင်းယူနိုင်ခဲ့ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

ဘယ်ခြေအားသန် ကစားသမား တဦး ဖြစ်ပြီး ကြံ့ခိုင်မှုပိုင်းရော အဆုံးသတ်ပိုင်းမှာပါ ထိပ်တန်း အရည်အသွေး ရှိတာကြောင့် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေ အများအပြား ရှိနေကာ အာဆင်နယ်အသင်းက အခြားအသင်းတွေထက် လက်ဦးမှု ရယူပြီး ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားခဲ့ပေမယ့် သူတို့ရဲ့ ကြိုးပမ်းမှုဟာ ကျရှုံးခဲ့ပါတယ်။

Photo Credit: Football Italia

အီတလီ အပြောင်းအရွှေ့ သတင်းတွေနဲ့ ပတ်သတ်ရင် စိတ်ချရတဲ့ နာမည်ကြီး သတင်းထောက် ဖြစ်သူ ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အာဆင်နယ်အသင်းဟာ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ အတွက် ပြောင်းရွှေ့ကြေး ယူရို ၇၀သန်းနဲ့ ဖီအိုရင်တီးနား အသင်းထံ ကမ်းလှမ်းမှု ပြုလုပ်ခဲ့ပြီး ဖီအိုရင်တီးနားအသင်းက အာဆင်နယ်ရဲ့ ကမ်းလှမ်းမှုကို သဘောတူခဲ့ကြောင်း သိရပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ ဗလာဟိုဗစ်နဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရယူဖို့ ကြိုးစားရာမှာတော့ အောင်မြင်မှု မရခဲ့ပဲ ဗလာဟိုဗစ်နဲ့ သူ့ရဲ့ အေးဂျင့်တို့ဟာ အာဆင်နယ်အသင်းရဲ့ ဖုန်းခေါ်ဆိုမှုကို လက်ခံ စကားပြောဆိုခြင်းတောင် မလုပ်ပဲ ချက်ချင်း ပယ်ချခဲ့တာကြောင့် အာဆင်နယ်အသင်းရဲ့ ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ကြိုးစားမှုဟာ အရှက်ရစရာ ဖြစ်ရပ်နဲ့ပဲ အဆုံးသတ်ခဲ့ရကြောင်း ဒီမာဇီယိုက ဆိုပါတယ်။