ပြီးခဲ့တဲ့ ဇန်နဝါရီလ အပြောင်းအရွှေ့ကမှ အီတလီ စီးရီးအေ နာမည်ကြီးကလပ် ဖီအိုရင်တီးနား ကနေ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ပြောင်းရွှေ့ခဲ့တဲ့ တိုက်စစ်မှူး ဗလာဟိုဗစ် ကတော့ ဂျူဗင်တပ်ဟာ ဆုဖလားတွေ ရယူဖို့ အဆင်သင့် ဖြစ်နေပြီလို့ အသင်းသစ် အတွက် ပထမဦးဆုံး ကစားခွင့်ရတဲ့ ပွဲမှာတင် သွင်းဂိုး ၁ဂိုး သွင်းယူပေးခဲ့ပြီးနောက် ကြုံးဝါး ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှ စတင်ကာ စီးရီးအေပြိုင်ပွဲမှာ စတင် တောက်ပလာတဲ့ တိုက်စစ်မှူး တဦး ဖြစ်ပြီး သူ့ရဲ့ အဆုံးသတ် စွမ်းရည်ကြောင့်ပဲ ဂိုးသွင်းစက် အဖြစ် ပရိသတ်တွေရဲ့ နာမည်ပြောင်ပေးခြင်းကို ခံခဲ့ရပါတယ်။

Photo Credit: Marca

သူ့ရဲ့ ဂိုးသွင်းစွမ်းရည်ကြောင့်ပဲ တိုက်စစ်ပိုင်း အားနည်းချက်တွေနဲ့ ကြုံတွေ့နေရတဲ့ ဂျူဗင်တပ်ဟာ ဗလာဟိုဗစ်ကို ပြောင်းရွှေ့ကြေး ယူရို ၇၅သန်း အထိ ပေးချေပြီး အမိအရ ခေါ်ယူခဲ့တာ ဖြစ်ကာ ဗလာဟိုဗစ်ကိုလည်း ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုခဲ့ပါတယ်။

ဗလာဟိုဗစ်ကလည်း သူဟာ ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းနဲ့ ထိုက်တန်တဲ့ တိုက်စစ်မှူးကောင်း တဦး ဖြစ်ကြောင်းကို ဂျူဗင်တပ် ကစားသမားဘဝ ပထမဦးဆုံး ပွဲမှာတင် သက်သေပြခဲ့ပြီး ဗလာဟိုဗစ်ဟာ ဂျူဗင်တပ် ၂-၀ ဗီရိုနာပွဲစဉ်မှာ အသင်းအတွက် အရေးပါတဲ့ ဦးဆောင်ဂိုးကို အသင်းဖော် တိုက်စစ်မှူး ဒိုင်ဘာလာရဲ့ ပေးပို့မှုကနေ သွင်းယူပေးခဲ့တာလည်း ဖြစ်ပါတယ်။

Photo Credit: Marca

ဂျူဗင်တပ်အတွက် ပွဲဦးထွက်မှာတင် သွင်းဂိုး ၁ဂိုး သွင်းယူပေးနိုင်ခဲ့ပြီးနောက် ဗလာဟိုဗစ်က သူတို့အသင်းဟာ ဆုဖလားတွေကို ရယူဖို့ အဆင်သင့် ဖြစ်နေကြောင်း ကြုံးဝါး ပြောဆိုခဲ့ပါတယ်။

ဗလာဟိုဗစ်က – “ဒီနေ့ပွဲကို အနိုင်ရဖို့က အတော်လေးကို အရေးပါပါတယ်။ ဘာကြောင့်လဲ ဆိုတော့ နိုင်ငံတကာ ပိတ်ရက်တွေ ပြီးလို့ ပထမဦးဆုံး ပြန်ကစားရတဲ့ ပွဲစဉ်တွေမှာ စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ကြုံတွေ့ရတတ်လို့ပါ။ ဒါပေမယ့် ကျွန်တော်တို့က ပွဲစကနေ ပွဲပြီးတဲ့ အထိ အကောင်းမွန်ဆုံး ပုံစံတွေနဲ့ ကစားနိုင်ခဲ့ပါတယ်။ ပြီးတော့ ကျွန်တော်တို့က အနိုင်လည်း ရခဲ့ပါတယ်။ ကျွန်တော့်ကို လှိုက်လှိုက်လှဲလှဲ ကြိုဆိုခဲ့ကြသလို အကောင်းဆုံး ကူညီပေးခဲ့တဲ့ အသင်းဖော်တွေနဲ့ နည်းပြကိုလည်း ကျေးဇူးတင်ချင်ပါတယ်။ ကျွန်တော်က အသင်းရဲ့ ကစားပုံကို အမြန်ဆုံး နားလည်အောင်လည်း ကြိုးစားနေပါတယ်။ ဂျူဗင်တပ်က အမြဲတမ်း အမြင့်မားဆုံး အောင်မြင်မှုတွေကို ရယူဖို့ ကြိုးစားနေတဲ့ အသင်းတသင်းပါ။ ကျွန်တော်ကလည်း အသင်းအတွက် အကောင်းဆုံး ကြိုးစားဖို့ပဲ တွေးထားပါတယ်။ တပွဲပြီး တပွဲ အနိုင်ကစားမယ်။ ပြီးရင် အလုပ်ကြိုးစားမယ်။ ဒါဆိုရင် ကျွန်တော်တို့တွေ ဆုဖလားတွေကို သိမ်းပိုက်နိုင်ပါလိမ့်မယ်။ ဂျူဗင်တပ်က ဆုဖလားတွေကို သိမ်းပိုက်ဖို့ အဆင်သင့်ပါပဲ” လို့ ပြောကြားသွားခဲ့တာပါ။