အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျူဗင်တပ်ရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ဗလာဟိုဗစ်က ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရထားပေမယ့် ဂျူဗင်တပ်ကို စွန့်ခွာဖို့ စိတ်ကူးမရှိသေးကြောင်း သူနဲ့ နီးစပ်သူ တဦးက သတင်းဌာနတွေကို ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အာဆင်နယ်က လာမယ့် အပြောင်းအရွှေ့ ဈေးကွက်တွေမှာ သူတို့အသင်းရဲ့ တိုက်စစ်ပိုင်း အတွက် ရေရှည် အားကိုးရမယ့် အထောင်တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ ဆုံးဖြတ်ထားတဲ့ အသင်း ဖြစ်ပြီး ဂျူဗင်တပ်နဲ့ ဆားဘီးယား တိုက်စစ်မှူး ဗလာဟိုဗစ်ဟာ အာဆင်နယ်ရဲ့ နံပါတ်တစ် ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Football London

အသက် ၂၂နှစ် အရွယ်သာ ရှိသေးတဲ့ ဆားဘီးယား လက်ရွေးစင် တိုက်စစ်မှူး ဗလာဟိုဗစ်က ပြီးခဲ့တဲ့ ဇန်နဝါရီ အပြောင်းအရွှေ့ကမှ ဖီအိုရင်တီးနား ကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ကြေး ယူရို ၈၁သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး သူက ဂျူဗင်တပ် အတွက် ပြိုင်ပွဲစုံမှာ စုစုပေါင်း ၂၉ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၂ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

အာဆင်နယ်ဟာ ဗလာဟိုဗစ်ကို ဖီအိုရင်တီးနားမှာ ရှိနေစဉ်ကတည်းက ဂျူဗင်တပ်နဲ့အပြိုင် ခေါ်ယူဖို့ ကြိုးစားခဲ့ဖူးပြီး အဆိုပါအချိန်တုန်းက ဂျူဗင်တပ်ဟာ သူတို့ထက် ပိုမို အင်အားတောင့်တင်းခဲ့ပေမယ့် ယခုအချိန်မှာတော့ သူတို့အသင်းက ဂျူဗင်တပ်ထက် ရလဒ်တွေ ပိုမို ကောင်းမွန်နေတာကြောင့် အာဆင်နယ်ရဲ့ အပြောင်းအရွှေ့ တာဝန်ခံတွေက ဗလာဟိုဗစ်ဟာ သူတို့အသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Photo Credit: Football London

ဒါပေမယ့် ဗလာဟိုဗစ်နဲ့ နီးစပ်သူ တဦးကတော့ ဗလာဟိုဗစ်ဟာ အာဆင်နယ်ရဲ့ စိတ်ဝင်စားမှုကို ရရှိထားသည့်တိုင် ဂျူဗင်တပ်မှာပဲ ဆက်နေဖို့ ဆုံးဖြတ်ထားပြီး အသင်းပြောင်းဖို့ စိတ်ကူးမရှိသေးကြောင်း အီတလီ သတင်းဌာနတွေကို ထုတ်ဖော် ပြောကြားထားပါတယ်။ အမည်မဖော်လိုတဲ့ ဗလာဟိုဗစ်ရဲ့ မိတ်ဆွေတဦးက – “ဗလာဟိုဗစ်က အသင်းပြောင်းဖို့ စိတ်ကူးမရှိသေးပါဘူး။ သူက ဂျူဗင်တပ်မှာ ခြေစွမ်းပြနေသလို သူ့ရဲ့ ခြေစွမ်းတွေ ပိုမို ကောင်းမွန်လာအောင်ပဲ အာရုံစိုက် ကြိုးစားနေပါတယ်။ သူက ဂျူဗင်တပ်ဆီ ရောက်တာ ၁နှစ်တောင် မပြည့်သေးတာကြောင့် အသင်းမပြောင်းချင်သေးပါဘူး” လို့ ပြောကြားသွားခဲ့တာပါ။